Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ကန့်ကွက်လွှာတင်မည့်ပါတီ မရှိ
DVB
·
February 16, 2026

၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေအနေနဲ့ နစ်နာတယ်လို့ထင်ရင် စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာပေးနိုင်ကြောင်း ပြောဆိုပေမဲ့ အယုံအကြည်မရှိတဲ့အတွက် ကန့်ကွက်လွှာတင်မဲ့ပါတီ မရှိကြောင်း သိရပါတယ်။

စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအနေနဲ့ ပါတီနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေ နစ်နာတယ်လို့ ယူဆရင် ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်ဟာ မယုံကြည်ရတဲ့အတွက် တင်သွင်းမဲ့ပါတီတွေ မရှိဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှာ  ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့ချိန်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းစလုံး ကျင်းပနေခဲ့စဉ်တုန်းကတော့ မဲမသမာမှုတွေ၊ မဲပေးစက် ပြဿနာတွေနဲ့ မဲရေတွက်တဲ့ ပုံစံတွေကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပေမဲ့ ရွေးကောက်ပွဲ အပိုင်းအားလုံး ပြီးစီးသွားချိန်မှာတော့ ရွေးကော်ပြောတဲ့စကားဟာ ယုံကြည်ရလောက်တဲ့ အခြေအနေမရှိလို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေဟာ ကန့်ကွက်လွှာ တင်သွင်းမှာ မဟုတ်ကြောင်း သိရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတခုရဲ့ ကိုယ်စားလှယ်လောင်းတယောက်က “ဒါက အရင်ကတည်းက ဥပဒေရှိပြီးသားလေ၊ တိုင်မယ်ဆိုရင် ကန့်ကွက်မယ်ဆိုရင် ၁၀ သိန်းတင်ရမယ်။ ကိုယ်မှန်တယ်ဆိုရင် ၁၀ သိန်းပြန်ရမယ်၊ မမှန်ဘူးဆိုရင် ၁၀ သိန်း ထိန်းသိမ်းထားမယ်။ တခြားပါတီတွေလည်း ပြောကြတယ်လေ၊ တိုင်လည်း ဘာမှမထူးဘူးလို့။ ဒီအချိန်မှာ သွားတင်လည်း ဘာမှ ထူးခြားမှာမဟုတ်ဘူးဆိုပြီး သူတို့လည်း တင်ဖို့ အစီအစဉ် မရှိဘူးကြားတယ်။ ကျနော်တို့လည်း တင်ဖို့အစီအစဉ် မရှိပါဘူး။ မတင်ပါဘူး၊ ဘာလို့လဲဆိုတော့ ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတာဆိုတော့ အဲဒီလိုပဲပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာနဲ့ စောင့်ကြည့်လေ့လာသူတွေကြားထဲမှာ တရားမျှတမှုမရှိဘဲ မသမာမှုတွေနဲ့ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတခုဖြစ်ကြောင်း ပြောဆိုနေပေမဲ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ကျင်းပခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

မဲရုံတရုံချင်းစီရဲ့ မဲရလဒ်တွေကို ပွင့်လင်းမြင်သာအောင် ခင်းကျင်းပေးထားပြီး ပါတီတွေအနေနဲ့ ဒီရလဒ်အပေါ် နစ်နာတယ်ထင်ရင် ကန့်ကွက်လွှာ တင်နိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဒီလို ရွေးကောက်ပွဲတခုလုံးအပေါ် အရေးယူ ဆောင်ရွက်တာမျိုး မဟုတ်တဲ့အတွက် ကန့်ကွက်လွှာတင်မဲ့ပါတီ မရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက မှတ်ချက်ပြုပါတယ်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ ကြိုတင်မဲကိစ္စတွေ၊ မဲပေးတာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ အဲဒါတွေနဲ့ပတ်သက်တဲ့ တစုံလုံးစာကို မဖြေရှင်းပေးဘဲနဲ့ အဓိကကတော့ ကန့်ကွက်လွှာ တခုချင်းစီမှာပဲ ဖြေရှင်းပေးမဲ့ သဘော ရှိပါတယ်။ ဆိုတော့ အဲဒီအတိုင်းကိုပဲ ဒီထဲမှာလည်း ပြောတာ ဖြစ်ပါတယ်။ နစ်နာတယ်လို့ထင်ရင် မဲဆန္ဒနယ်အလိုက် ကန့်ကွက်လွှာ တင်သွင်းလို့ ရတယ်ပေါ့နော်။ ကျနော့်အနေနဲ့တော့ ဒီလိုတင်သွင်းတာကို တွေ့လာရနိုင်တဲ့ အလားအလာ နည်းတယ်လို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၂ သန်းရှိရာက ၁၃ ဒသမ ၁၄ သန်း လာရောက်မဲပေးခဲ့တဲ့အတွက် မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့လို့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013