
၂၀၂၄ ခုနှစ်အတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီး ကျင်းပနေပါတယ်။
ဒါဟာ အမျိုးသမီးဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက်ပိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အရေးပါတဲ့ စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နဲ့ အစ္စလာမ္မစ်ပါတီတခုဖြစ်တဲ့ ဂျမား-အီ-အစ္စလာမီ တို့ကြား အဓိကယှဉ်ပြိုင်ခဲ့ကြပါတယ်။
၁၇ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေခဲ့တဲ့ အတိုက်အခံခေါင်းဆောင် တာရစ် ရာမန်ဟာ BNP ပါတီကို ဦးဆောင်နေတာဖြစ်ပြီး ဂျမား-အီ-အစ္စလာမီ ကတော့ ပါတီ ၁၁ ခုနဲ့ ညွန့်ပေါင်းဖွဲ့ထားတာ တွေ့ရပါတယ်။
အဲဒီထဲမှာ ကျောင်းသားအရေးအခင်းကနေ ပေါက်ဖွားလာခဲ့ပြီး GenZ မျိုးဆက် တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နေရှင်နယ်-စီတစ်ဇင်-ပါတီ (NCP) လည်း ပါဝင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဲဆန္ဒရှင်ပေါင်း ၁၂၇ ဒသမ ၇ သန်းအထိ ရှိတဲ့အပြင် အဲဒီထဲက ၄၅ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်နဲ့ ၃၃ နှစ်ကြား လူငယ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုမျိုး အစိုးရအသစ်တရပ်ကို ဖွဲ့စည်းနိုင်ဖို့ ပြည်သူတွေက မဲပေးရွေးချယ်နေကြချိန်မှာပဲ ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီဟာ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။
၁၅ နှစ်ကြာ ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်သွားတဲ့ ဟာဆီနာက လူ ၁.၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲတွေအပေါ် နှိမ်နင်းမှုနဲ့ပတ်သက်ပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ဟာဆီနာဘက်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ညွှန်ကြားခဲ့တာမျိုး မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
တချိန်တည်းမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကလည်း အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲကြီး ပြုလုပ်နေပါတယ်။
အသစ်တက်လာမဲ့ ရွေးကောက်ခံအစိုးရက ငွေကြေးဖောင်းပွမှုနဲ့ အကျင့်ပျက်ခြစားမှု အပါအဝင် အလုပ်အကိုင်ရရှိရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို ရင်ဆိုင်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။
Source: Reuters


