
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် နယ်စပ်လုံခြုံရေးတွေကို တင်းကျပ်ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေး လျော့ကျသွားတယ်လို့ မောင်တောဘက်က ကုန်သည်တွေက ပြောပါတယ်။
မြန်မာနယ်စပ်မှာ မွတ်စလင်လက်နက်ကိုင်တွေ လှုပ်ရှားနေတာကြောင့် ရွေးကောက်ပွဲလုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့တွေက လုံခြုံရေး တင်းကျပ်ထားတာကြောင့် ရခိုင်ဘက်ကို ကုန်စည်တင်သွင်းတာတွေ လျော့ကျသွားတယ်လို့ တောင်ပြိုမြို့က ကုန်သည်တယောက်က ပြောပါတယ်။
“ကုန်သွယ်မှုက ဒီလအတွင်း လုံးဝကျဆင်းသွားတယ်လို့ ပြောရမယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ရွေးကောက်ပွဲနဲ့ နယ်စပ်မှာ လုံခြုံရေးတင်းကျပ်ထားတာကြောင့် ကုန်သွယ်မှုက လျော့ကျသွားတာ။ ကုန်သွယ်ရေးကလည်း တရားဝင်ကုန်သွယ်မှု မဟုတ်သေးတော့ သူတို့ဘက်က တင်းကျပ်တာတို့ဖြစ်ဖြစ်၊ ဖမ်းဆီးတာတို့ဖြစ်ဖြစ် လုပ်လာရင် ခဏ နားကြရတာ မျိုးတွေ ရှိတယ်။ ပြီးခဲ့တဲ့လကလည်း နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ကုန်သွယ်ရေးက ဆက်တိုက်လျော့ကျနေတာ။”
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရွေးကောက်ပွဲကာလမှာ နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားသလို နိုင်ငံအတွင်း ဒုက္ခသည်စခန်းတွေမှာ မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ တရားမဝင်နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ အာရက္ခတပ်တော်တို့ အကြားမှာလည်း မူးယစ်ဆေးဝါးကိစ္စတွေ၊ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့မှုတွေနဲ့ အပြန်အလှန် စွပ်စွဲထားကြတာကြောင့် ဆက်ဆံရေးတင်းမာပြီး ကုန်သွယ်မှုတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေကြတာလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ကနေ စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ရခိုင်နယ်စပ်ဒေသတွေက ပြည်သူတွေဟာ အဓိက အားထားနေကြရတာဖြစ်ပြီး အူးခီယားမြို့နယ် နယ်စပ်ကနေ ကုန်ကြောင်းကတဆင့် ကုန်သွင်းမှုတွေ ပြုလုပ်ကြသလို စိန့်မာတင်ကျွန်းနဲ့ တက္ကနက်ဖ်မြို့နယ်ကလည်း ရေကြောင်းကတဆင့် တင်သွင်းမှုတွေကို ပြုလုပ်နေကြတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ရေကြောင်းကုန်သွယ်မှုမှာလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုတွေကြောင့် ကုန်သွယ်မှုဟာ ၂၀၂၅ ခုနှစ်ကတည်း သိသိသာသာ ကျဆင်းသွားပြီး အခြေခံစားသောက်ကုန်တချို့လောက်ကိုသာ ခက်ခက်ခဲခဲ ကုန်သွယ်နေကြရတယ်လို့ မောင်တောမြို့နယ်က ကုန်သည်တယောက်က ပြောပါတယ်။
“ရေကြောင်းကုန်သွယ်ရေးက ဒီနှစ်အတွင်း သိသိသာသာ ကျဆင်းသွားတယ်လို့ ပြောရမယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ နယ်ခြားစောင့်တပ်တွေက အဖမ်းအဆီးတွေ ကြမ်းတာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကြောင့် ကုန်သွယ်မှု ကျဆင်းသွားတာ။ စားသောက်ကုန်တချို့လောက်ပဲ ကုန်သွယ်မှုလုပ်နေကြတာ။”
အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအကြား ၂၀၂၅ ခုနှစ်ကတည်းက ဆက်ဆံရေး တင်းမာနေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ဘက်ကို ကုန်စည်တင်သွင်းမှုကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေသလို AA ဘက်ကလည်း နယ်စပ်ကျော်တဲ့ ငါးဖမ်းသမားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။


