Home
မြန်မာသတင်း
ရခိုင်တွင် တလအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါး ထိခိုက်သေဆုံး
DVB
·
February 2, 2026

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ တလအတွင်းမှာ ဒေသခံပြည်သူ ၇၀ နီးပါး ထိခိုက်သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းမှု ၅ နှစ်တာကာလအတွင်း စစ်တပ်က လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက် ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေဆဲပါ။

ရခိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲချမှုတွေ၊ ရေကြောင်းကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ အယောက် ၃၀ သေဆုံးပြီး ၃၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ ဒေသတွင်း သတင်းဌာနတွေရဲ့ အချက်အလက်တွေကို မှီငြမ်းပြီး စာရင်းပြုစုထားတာကြောင့် မြေပြင်အခြေအနေမှာ ခုထက်ပိုပြီး များနိုင်ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တယောက် အပါအဝင် အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၂၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၃၃ ယောက်တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ မူရွင်းရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ 

မူရွင်းရွာခံအမျိုးသမီးတယောက်က “မူရွင်းရွာမှာက တခြားရွာတွေက လာရှောင်တဲ့ စစ်‌ရှောင်တွေ အများကြီးရှိတယ်။ အဓိက စစ်ရှောင်တွေက စာသင်ကျောင်းမှာ နေတာများတယ်။ ကျောင်းခြံဝန်းထဲမှာပဲ တဲလေးတွေထိုးပြီးတော့ နေကြတယ်။ တခြားနေရာတွေမှာလည်း ရွာထဲမှာ နည်းနည်းပါးပါးရှိတယ်။ ခုက စာသင်ကျောင်းကို ဗုံးကြဲလိုက်တော့ စစ်ရှောင်တွေက မနေရဲတော့ဘူးပေါ့နော်။ အရင်ကတည်းက လက်နက်ကြီးပစ်သံတွေ ကြားနေရတော့ စိတ်အေးလက်အေး မရှိဘူး။ ခုကတော့ ပိုပြီးတော့ ဂရုစိုက်လာရတာပေါ့နော်။ ညဘက်တွေဆိုရင် အသံလေးတွေ နားစွင့်ထားရတာပေါ့။ တခုခုဆိုရင် ပြေးလို့ရအောင်၊ ရှောင်လို့ရအောင်တော့ အဆင်သင့် လုပ်ထားရတာပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲခံရတဲ့ မူရွင်းရွာ စာသင်ကျောင်းဟာ မူရွင်းရွာဈေးနားမှာ တည်ရှိတဲ့အတွက် လက်ရှိမှာလည်း ဈေးသွားဈေးလာ မရှိသလောက်ကို ဖြစ်သွားပြီး တနေရာပြီးတနေရာ စစ်ရှောင်နေရတဲ့သူတွေအတွက် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ စစ်တပ်က စစ်ရှုံးနေတဲ့အတွက် အာရက္ခတပ်တော် (AA) ကို အားပေးထောက်ပံ့နေတဲ့ ပြည်သူတွေကိုပဲ တိုက်ခိုက်နေတာလို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

“ရခိုင်မှာတော့ စစ်တပ်က လေကြောင်းကိုပဲ အဓိကထားလုပ်မဲ့ အနေအထားပါ။ ဆက်လုပ်ဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ မြေပြင်မှာ ကြည်းတပ်က ဘာမှလုပ်လို့မရဘူး။ ပြောရမယ်ဆိုရင် လက်နောက်ပြန် ကြိုးတုပ်ခံထားရသလိုပါပဲ။ နောက်ဆုံး ကျနော်တို့ ရေလမ်းကြောင်းကနေ စစ်ကူအင်အားပို့လို့ရမယ်၊ တိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေလည်း လုပ်နေတာပါပဲ။ အဓိက အားသာတာက လေကြောင်းပေါ့။ ဒီလေကြောင်းကိုလည်း အာရက္ခတပ်တော် အပါအဝင် တခြားအဖွဲ့အစည်းတွေကလည်း ကာကွယ်လို့ပဲရတယ်။ ပြန်ပြီးတော့ ထိထိရောက်ရောက်တော့ တိုက်ခိုက်မှု မလုပ်နိုင်သေးဘူး။ ပြောရမယ်ဆိုရင် စစ်တိုက်တယ်ဆိုတာ နောက်က ထောက်ပံ့မှုပေါ့နော်၊ စစ်ရှုံးတော့ အဲဒီထောက်ပံ့မှုရှိတဲ့ နေရာတွေကို ခန့်မှန်းပြီး ရမ်းသန်းပြီးတော့ အဓိက ပြည်သူတွေ အားပေးတာဆိုတော့ နောက်က ထောက်ပံ့တဲ့ ပြည်သူတွေကိုပဲ ရွေးပြီး တိုက်လာတဲ့ အနေအထားမျိုးလို့ပဲ ယူဆပါတယ်။”

စစ်တပ်ကတော့ AA ထိန်းချုပ်ဒေသရှိ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ဗုံးကြဲတဲ့အပြင် စစ်သုံ့ပန်းတွေ နေထိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲမှုတွေ ရှိလာပြီး အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA ဘက်ကလည်း တိုက်တွန်းပြောဆိုထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013