Home
နိုင်ငံတကာ
ပါကစ္စတန်တပ်ဖွဲ့က ၂ ရက်ကြာတိုက်ပွဲအတွင်း စစ်သွေးကြွ ၁၄၅ ဦးကို သတ်ဖြတ်
DVB
·
February 2, 2026
Photo: Reuters

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်မှာ သေနတ်နဲ့ပစ်ခတ်တာ၊  ဗုံးခွဲတိုက်ခိုက်တာတွေကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့အပြီး နာရီ ၄၀ ကြာ တိုက်ပွဲအတွင်း လုံခြုံရေးတပ်တွေက စစ်သွေးကြွ ၁၄၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

အီရန်၊ အာဖဂန်နစ္စတန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး သယံဇာတအရင်းအမြစ် ကြွယ်ဝတဲ့ ဘာလိုချီစတန်ပြည်နယ်မှာ သူပုန်တွေက လုံခြုံရေးတပ်တွေ၊ အရပ်သားတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပိုတိုးမြှင့် တိုက်ခိုက်နေလို့ အာဏာပိုင်တွေဟာ နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံး ပဋိပက္ခတွေထဲက တခုကို ရင်ဆိုင်နေရပါတယ်။

ပိတ်ပင်ထားတဲ့ ခွဲထွက်ရေးအဖွဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ်က တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောခဲ့ပြီး ပြည်နယ်တဝန်း လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ မုန်တိုင်းနက်လို့ နာမည်ပေး၊ ညှိနှိုင်းထားတဲ့ စစ်ဆင်ရေးတခုကို စတင်ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် ဆာဖရက်ဇ်ဘတ်တီက စစ်သွေးကြွတိုက်ခိုက်မှုတွေအတွင်း ဥပဒေစိုးမိုးရေးဝန်ထမ်း ၁၇ ယောက်နဲ့ အရပ်သား ၃၁ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စနေနေ့မှာ စစ်သွေးကြွ ၉၂ ယောက် သေဆုံးခဲ့ပြီး သောကြာနေ့မှာ ၄၁ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

အရာရှိတွေက စစ်သွေးကြွတွေကို စီးနင်းတာတွေကို ကွက်တာ၊ ဂွါဒါ၊ မက်စ်တွန်နဲ့ နော့ရှ်ကီခရိုင် တွေမှာ တပြိုင်နက်တည်း လုပ်ခဲ့ပြီး လက်နက်ကိုင်အမျိုးသားတွေက နယ်ခြားတပ်မဌာနချုပ် အပါအဝင် လုံခြုံရေးအဆောက်အအုံတွေကို ပစ်ခတ်တာ၊ အသေခံဗုံးခွဲဖို့ ကြိုးပမ်းတာနဲ့ မြို့ပြဒေသတွေက လမ်းတွေကို ခဏပိတ်ဆို့တာတို့ကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်မှု တန်ပြန်ရေး တပ်ဖွဲ့တွေက တန်ပြန်စစ်ဆင်ရေးတွေ အကြီးအကျယ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ဘာလိုချီစတန်ဟာ ပိုကြီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သဘာဝအရင်းအမြစ်တွေရဲ့ ပိုများတဲ့ ဝေစုတို့ကို ရဖို့ ကြိုးစားနေတဲ့ ဘာလို့ချ် ခွဲထွက်ရေးသမားတွေ ဦးဆောင်တဲ့ ဆယ်စုနှစ်များစွာကြာနေတဲ့ ပုန်ကန်မှုကို ရင်ဆိုင်နေရပါတယ်။

ဒီအဖွဲ့က ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၈၄ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပေမဲ့ ဒီပြောဆိုချက်ကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။ စစ်တပ်က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013