
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာ ကင်းပတ်နေတဲ့ ပျူစောထီးတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၉ ရက် မနက် ၁ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ပျူစောထီး ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “အင်မထီးပျူရွာက ပျူခေါင်းဆောင် ကျော်လှိုင်ရဲ့ သားအငယ်ကောင်နဲ့ တခြားပျူစောထီးတဦး သေတယ်။ တဦး ဒဏ်ရာပြင်းထန် ရသွားတယ်။ သတင်းက အတိအကျပဲ။ အဲလို အပစ်ခံရလို့ ဒီနေ့ အင်အားထပ်တိုးပြီး အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးမယ်လို့ သတင်းတွေ ထွက်နေလို့ ကြောက်နေရတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ပုလဲမြို့နယ် Unity Column အဖွဲ့က တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အဲဒီသတင်းက နေ့လယ်ကမှ သိရတာ။ သတင်းအတည်ဖြစ်ပါတယ်။ ပျူ ၂ ယောက်သေပြီး တယောက် ဒဏ်ရာရကာ သေနတ်တလက်လည်း ရခဲ့တယ်။ ကိုယ့်ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်လည်း သိပ်မကြာလိုက်ဘူး။ ကိုယ့်ဘက်က အပိုင်ပစ်ခတ်နိုင်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်တပ်က ပုလဲမြို့၊ အင်မထီး၊ ဇီးဖြူကုန်း၊ ကန့်ဒေါင့် စတဲ့ရွာတွေအပြင် မင်းတိုင်ပင်ရွာကိုပါ စခန်းချ တပ်စွဲလာတာကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရတာ ၈ လခန့် ကြာမြင့်နေပြီလို့လည်း သိရပါတယ်။


