
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၂၈ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
ထီးချိုင့် နယ်ခံတယောက်က “မြို့သိမ်းတိုက်ပွဲ ပြန်စတော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က အရပ်သားတွေ ရှောင်ခိုင်းထားတာတော့ ကြာပြီ။ တိုက်ပွဲစတာက မနေ့က မနက်အစောပိုင်း ၅ နာရီလောက်က စတာ။ အသေးစိတ်တော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်တပ်က ဇန်နဝါရီ ၂၉ ရက် နေ့ခင်း ၁ နာရီခွဲကျော်မှာ တံတားဦးလေတပ်တက် ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲဖြစ်နေတာလောက်ပဲ ပြောလို့ရဦးမယ်။ ထီးချိုင့်မြို့ အပါအဝင် မြို့နယ် ၃ ခုမှာ တပြိုင်တည်း တိုက်ပွဲဖော်ဆောင်တယ်။ အသေးစိတ် အချက်အလက်ကိုကတော့ သက်ဆိုင်ရာ စစ်ဒေသတွေကပဲ ပြောကြပါလိမ့်မယ်” လို့ ပြောပါတယ်။
ထီးချိုင့်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က နယ်မြေအများစုကို ထိန်းသိမ်းထားနိုင်ခဲ့ကာ စစ်တပ်ဘက်က လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့တာကြောင့် တော်လှန်ရေးအင်အားစုဘက်က နယ်မြေအများစုကို ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။


