Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး 
DVB
·
January 27, 2026
Photo: RTF

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စခန်းချ တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ Royal Tiger Force ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အနီးကပ် ဝင်ပစ်တဲ့အချိန်မှာ တယောက်က နေရာမှာ ပွဲချင်းပြီးသေတယ်၊ ထိခိုက်မှုတွေတော့ ရှိတယ်။ ၂၆ ရက်နေ့ကတော့ သူတို့ဘက်က ဒဏ်ရာရသူတွေထဲက ၃ ယောက် ထပ်သေတယ်၊ ထိခိုက်ဒဏ်ရာရထားတဲ့သူတွေတော့ များတယ်။ သူတို့က ဆားလင်းကြီးစခန်းထဲမှာနဲ့ ထွေအုပ်ရုံးမှာ ခွဲပြီး စခန်းချထားတာ။”

တိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် ပကဖ ပလဖ၊ CDF ချင်းတွင်းကာကွယ်ရေးတပ်ဖွဲ့၊ မျိုးဆက်သစ် SPDF တပ်ဖွဲ့၊ Solo အောင်ကြီးတပ်၊ SRA စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်ထဲမှာ ရွေးကောက်ပွဲ မတိုင်မီကတည်းက စစ်အင်အား ဖြန့်ချထားပြီး ရွေးကောက်ပွဲကိုလည်း ယန်စီတရုတ်ကုမ္ပဏီအနီး မြိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အနီးနားရှိ ကျေးရွာတွေကို မကြာခဏ စစ်​ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013