
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းက ရှမ်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့သလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Kawlin Info အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာ တံတားဦးလေတပ် တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ကောလင်းအရှေ့ခြမ်း ရှမ်းကုန်းရွာထဲကို ဗုံးကြဲသွားတာမှာ လူနေအိမ်တချို့ ပျက်စီးသွားပြီးတော့ ပြည်သူ ၄ ယောက် ဒဏ်ရာရပါတယ်။ အဲဒီထဲက အမျိုးသားတယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးကုသနေရင်းပဲ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ ရှမ်းကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ ကျော် ဦးမောင်ဇော် ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကောလင်းအရှေ့ခြမ်းက ဝက်စားကုန်းကျေးရွာကို မကွေးလေတပ်တက်လာတဲ့ ဂျက်ဖိုက်တာက ၂ ကြိမ်နဲ့ အသေခံဒရုန်းတွေနဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Kawlin Revolution KR အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ကောလင်းနယ် အရှေ့ခြမ်းဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်။ ဝန်းသိုအခြေစိုက် ခမရ ၁၁၁ နဲ့ ၁၂၀ တပ်တွေက အင်အား ၁၅၀ ကျော်ပါတဲ့ မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတော့ ဒေသခံတွေ တိမ်းရှောင်နေကြတာမို့လို့ ထိခိုက်သေဆုံး နည်းခဲ့တာပါ။ သူတို့ မြေပြင်စစ်ကြောင်းထိုးနေလို့ နယ်မြေရှင်းတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိကြတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။


