
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသူတွေအနေနဲ့ ရိုဟင်ဂျာ အမည်သုံးပြီး အမုန်းစကားမဖြန့်ဖို့ စစ်ကောင်စီတပ်က ထုတ်ပြန်ခဲ့ပြီး ဒါဟာ တရားရုံးမှာ အထောက်အထားပြနိုင်ဖို့ ဟန်ပြလုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
အာဏာတည်မြဲရေးအတွက် လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကို လက်နက်သဖွယ် အသုံးချလေ့ရှိတဲ့ စစ်အုပ်စုဟာ မွတ်စလင်နဲ့ ရိုဟင်ဂျာ မုန်းတီးရေးကို ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာပါ။
ဒါပေမဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက်လုပ်မဲ့ ပြည်တွင်းက ထောက်ခံပွဲတွေမှာ အထူးသတိပြု လိုက်နာရမဲ့ အချက်တွေဆိုပြီး စစ်တပ်က ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ပိုင် မြဝတီရုပ်သံကတဆင့် အထူးသတိပြုလိုက်နာရမဲ့ ကန့်သတ်ချက်တွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ရိုဟင်ဂျာ နာမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့၊ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာနဲ့ ဖိအားပေးတဲ့ ရေးသားပြောဆိုတာတွေ မလုပ်ဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ ရေးသားပြောဆိုတာနဲ့ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်တာကို မပြုလုပ်ဖို့ ဆိုတာမျိုးတွေ သတိပေးထားပါတယ်။
ဒါပေမဲ့ ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာလို့ မသုံးဘဲ တိုင်းရင်းသား အမျိုးအမည်မှာ မပါဝင်တဲ့ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး ထိုအမည်ကို အမုန်းစကားများ မပြုလုပ်ကြဖို့ ဆိုပြီး သုံးနှုန်း ရေးသားထားတာပါ။
ICJ တရားရုံးက ကြားနာပွဲကို တက်ရောက်နေတဲ့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲ ဥက္ကဋ္ဌ ဦးနေဆန်းလွင်ကတော့ စစ်အုပ်စုဟာ တရားရုံးမှာ ဒုတိယကြားနာမှုအတွက် လျှောက်လဲချက်မှာ အပြစ်တွေကို ကာကွယ်ဖို့ စာရွက်စာတမ်း အထောက်အထားလိုတာကြောင့် စစ်အုပ်စုက အခုလို ထုတ်ပြန်တာသာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲဥက္ကဋ္ဌ ဦးနေဆန်းလွင်က “အင်တာနက် ဆိုတာကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့အချိန်ကနေ စပြီးတော့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ လူမျိုးရေးခွဲခြားပြီး ပြောဆိုတဲ့ အရေးသားတွေ၊ နောက်ပြီးတော့ အမုန်းတရားတွေက တော်တော်လေးကို ပျံ့နှံ့နေခဲ့တယ်။ ဒါတွေကို အသုံးပြုပြီးတော့ တနိုင်ငံလုံးမှာ ရိုဟင်ဂျာ မုန်းတီးရေးကို သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်။ လူတွေကို အမုန်းတရား ထည့်ပေးပြီးတော့ ဒီလူတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့အခါကျတော့ လူထုက ဒါကို အပြစ်မမြင်တော့ဘူး။ ဒါ justify လုပ်လို့ရအောင် လုပ်ခဲ့တာ၊ ဆိုတော့ ဒီ ကွန်ဗင်းရှင်းပါ အချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။ နောက် ဒုတိယအချက်က တရားရုံးမှာ ဒီအမှုကို တင်သွင်းပြီးတဲ့နောက်မှာ Provisional Measures ဒါ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကြားဖြတ် အစီအမံဆိုပြီး အမိန့်ထုတ်ခဲ့တာ ဒါကိုလည်း မလိုက်နာခဲ့ဘူး။ တောက်လျှောက် အကုန်လုံးကို ဆက်ပြီးတော့ ချိုးဖောက်နေခဲ့တယ်ဆိုတော့ အပြစ်က ၂ ခု ဖြစ်နေပြီ။ ဒီအပြစ်တွေကို ကာကွယ်ဖို့ အတွက်ကြောင့် ဒီလို document တခုက လိုနေတာ၊ ‘ကျနော်တို့က ဒီလိုမဟုတ်ပါဘူး၊ အခုချိန်မှာ ဒီလို ထုတ်ပါတယ်ဆိုပြီးတော့’ document တခုက လိုနေတာ ဖြစ်တဲ့အတွက်ကြောင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်တယ်။"
ရိုဟင်ဂျာ အမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့ မထုတ်ပြန်ခင် ၁ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှာရှိတဲ့ စစ်တပ်အရာရှိ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန် စစ်တပ်ဟာ ပြည်ပရန်ကို ကာကွယ်ရာမှာ တရုတ် ကူမင်တန် ကျူးကျော်မှုတွေအပြင် “ကုလားဆိုးသောင်းကျန်းသူ”တွေကိုပါ နှိမ်နင်းခဲ့ရတယ်ဆိုပြီး အမုန်းစကား ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် ICJ အမှုတရားလို ဂမ်ဘီယာကိုယ်စားလှယ်တွေကို တရားခွင်မှာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားခဲ့ဖို့ ဇန်နဝါရီ ၁၆ ရက်က စစ်တပ်လက်ဝေခံပါတီ ကြံ့ခိုင်ရေး ထိပ်ပိုင်းခေါင်းဆောင် ဦးလှဆွေက TikTok က တဆင့် တိုက်တွန်းခဲ့ပါသေးတယ်။
စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့ အမုန်းစကားဖြန့်ချိရာမှာ ဦးစီးဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာတွေကို လူမျိုးတုံးစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ လက်ရှိ ဇန်နဝါရီလအတွင်း လုပ်နေတဲ့ ကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက် ရှေ့နေတချို့က လျှောက်လဲထားပါတယ်။
မြန်မာဘက်က ရှေ့နေကလည်း ဂမ်ဘီယာရဲ့ လူမျိုးတုံးစေဖို့ဆိုတဲ့ အချက်နဲ့ အမုန်းစကား ဆိုတာက ဆက်စပ်မှုမရှိကြောင်း၊ အမုန်းစကားနဲ့ လူမျိုးတုံးသတ်ဖြတ်မှု သက်ဆိုင်မှုရှိသည့်တိုင် မြန်မာနဲ့ သက်ဆိုင်မှုရှိ၊ မရှိ သက်သေမပြနိုင်ဘူးဆိုကာ ချေပလျှောက်လဲထားတာ တွေ့ရပါတယ်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအင်စတီကျု (IRIP)က မောင်လာနာဟာဖွီးဇ် ကာရီ ဦးစိုးနေဦးကတော့ စစ်အုပ်စုဟာ ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသားလူနည်းစုတွေနဲ့ အခုဆိုရင် စစ်အာဏာရှင် ဆန့်ကျင်သူ ပြည်သူအားလုံးကို လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်အာဏာရှင်တွေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားကာ ပဋိပက္ခတွေ ဖန်တီးတာက သူတို့ရဲ့ အပြစ်တွေကို ဖုံးပြီး တခြားသူတွေကို ရန်သူအဖြစ် ပုံဖော်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
IRIP အဖွဲ့မှ မောင်လာနာ ဟာဖွီးဇ် ကာရီ ဦးစိုးနေဦးက “ကျနော်တို့ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊ လူသားမဆန်တဲ့ လုပ်ရပ်တွေ အလုပ်ဆုံး၊ ပြီးရင် ရာဇဝတ်မှုတွေ အကျုးလွန်ဆုံး၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေကို ခိုးအယူဆုံး၊ ပြည်သူလူထုရဲ့ ဒီအသက်အိုးအိမ်စည်းစိမ်တို့ကို အဖျက်ဆီးဆုံး၊ ဒီလိုပုဂ္ဂိုလ်တွေက သူတို့ရဲ့ မသမာမှုတွေ၊ ယုတ်မာမှုတွေ၊ ကောက်ကျစ်မှုတွေ စဉ်းလဲမှုတွေကို ပြည်သူလူထုက အဲဒီအရာတွေကို မြင်မလာဘဲနဲ့ တခြားသူတွေကို ရန်သူအဖြစ် ပုံဖော်ရတာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လုပ်ရတာပေါ့ဗျာ။”
ICJ မှာ စစ်အုပ်စုရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေအပေါ် အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့ဝင်တွေနဲ့ စစ်တပ် ထောက်ခံသူတွေက လာမဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထောက်ခံကြောင်းပြတဲ့အနေနဲ့ စုဝေးချီတက်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။
မြတ်သဇင်


