
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းရွာရှိ မင်္ဂလာဆောင်မဏ္ဍပ်ကို ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် ဒေသခံ ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောင်လံမြို့နယ် စစ်ရေးသတင်းစုဆောင်းရေးအဖွဲ့ တာဝန်ရှိသူက “နေ့လယ် ၂ နာရီလောက်မှာ တပ်ကုန်းရွာထဲမှာရှိတဲ့ မင်္ဂလာဆောင်လုပ်မဲ့အိမ်က မဏ္ဍပ်ပေါ်တည့်တည့်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲသွားတာပါ။ လေယာဥ်သံကြားရပြီးတော့ ဗုံးတန်းကြဲတာဆိုတော့ ဖြစ်စဥ်က အရမ်းမြန်လွန်းလို့ ပြေးချိန်မရလိုက်ကြဘူး။ အဲဒီမှာ ၁ လသားအရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ယောက်တို့ နေရာမှာတင် ဆုံးသွားပြီးတော့ ၂ ယောက်က နောက်မှဆုံးတာလို့ သိရတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း ၁၀ ယောက်ကျော်တယ်တဲ့။ အတိအကျတော့ မသိရသေးဘူး။ အိမ်ကတော့ ၃ လုံးလောက် ပျက်စီးပြီးတော့ ၂ လုံးကတော့ လုံးဝကို မီးလောင်သွားတယ်” လို့ DVB ကို ပြောပါတယ်။
တပ်ကုန်းကျေးရွာသားတွေကတော့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လာမှာကို စိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဇန်နဝါရီ ၂၂ ရက် ညဦးပိုင်းအထိ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်လာကြတာ မရှိသေးပါဘူး။
အဆိုပါ ဗုံးကြဲသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဥ်ဟာ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်ကနေ တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
အောင်လံမြို့နယ်အခြေစိုက် Local PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “တပ်ကုန်းဘက်မှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ မင်္ဂလာဆောင်လုပ်မဲ့ မဏ္ဍပ်ကို ပေါင် ၁၀၀ ဗုံး ၃ လုံး အကြဲခံလိုက်ရတာပါ။ ၂၁ ရက်နေ့ ညနေပိုင်းကလည်း အောင်လံနဲ့ သိပ်မဝေးတဲ့ ဆင်ပေါင်ဝဲ မြို့နယ်ထဲက ဝန်ကုန်းရွာကိုလည်း ဂျက်ဖိုက်တာဗုံးကြဲခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြသေးတယ်။ အခုလည်း တပ်ကုန်းရွာကို ထပ်ကြဲတယ်။ ကျနော်တို့ သံသယရှိတာကတော့ သတင်းပေးရှိတယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ထားသူ ၂ ယောက် ကျန်ခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်ပြေးသွားပြီးတော့ စစ်တပ်နဲ့ ပြန်ပေါင်းနေတယ်လို့ သိရတယ်။ အဲဒီနောက်ပိုင်း ဒီဘက်ရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာ” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ တပ်ကုန်းကျေးရွာဟာ အောင်လံမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်း သမ္ဘူလတိုက်နယ်ထဲမှာ ပါဝင်ပြီး ဆင်ပေါင်ဝဲမြို့နယ်ရဲ့ အစပ်မှာတည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။


