
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူမြို့၊ မာန်ဟဲရွာထိပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထိုင်ချထားတဲ့ ရုံးနေရာကို ဇန်နဝါရီ ၂၁ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပကဖအဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၁ နာရီလောက်မှာ မာန်ဟဲရွာထိပ်က ဆေးပေးခန်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးထိုင်တဲ့ နေရာအတိကျကို လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အနီးနားက နေအိမ်မှာ ရှိနေတဲ့ အရပ်သား ၂ ယောက်လည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရုံးတည်နေရာ အလွယ်တကူ သတင်းပေါက်ကြားတဲ့ အခြေအနေကြောင့် မလိုလားအပ်ဘဲ ဗုံးကြဲမှုကြောင့် အသက်သေဆုံးနေရတယ်လို့ အင်းတော် ဒေသခံတယောက်က ပြောပါတယ်။
“မနေ့ည ၁၁ လောက်ကို လေယာဉ်တစင်းနဲ့ ဗုံး ၂ လုံး ကြဲချသွားတာ။ ရွာထိပ်မှာ အရင်က ကျေးရွာ ဆေးပေးခန်းကို အခုနောက်ပိုင်း ပကဖတွေ ရုံးထိုင်နေတာ။ အဲဒီရုံးကို ကြဲချသွားတာ။ အဲဒီနေရာက သတင်းပေါက်တာ ကြာနေပြီ။ မရွှေ့ဘဲ နေနေတာ။ အဓိကတော့ ရုံးစိုက်တဲ့ နေရာတွေက အရမ်းပေါ်ပေါ်ထင်ထင် ဖြစ်လာတယ်။ အခု ကြဲခံရတဲ့ ရုံးဆိုရင်လည်း လမ်းဘေးမှာပဲ စစ်ဝတ်စုံတွေနဲ့ အမြဲတမ်း ဝင်ထွက်သွားလာနေတဲ့ နေရာ။ ဒလန်တွေက သွားရင်းလာရင်းနဲ့ မြင်ကြမှာပဲလေ။”
လေကြောင်း တိုက်ခိုက်မှုကြောင့် ပကဖ ရုံးနေရာနဲ့ အရပ်သား နေအိမ် ၂ လုံးပျက်စီးသွားပြီး ထိခိုက်ခဲ့တဲ့ အရပ်သား ၂ ယောက်ကတော့ မိုးညှင်းဘက်မှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာလည်း ကောလင်းမြို့ အရှေ့ခြမ်း မြစ်ကြီးနာ-ရွှေဘို ကားလမ်းမပေါ်က ပဒုမ္မာရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းတခုကို စစ်ကောင်စီတပ်က လေကြောင်း၊ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပကဖ ၇ ယောက်နဲ့ အရပ်သား ၂ ယောက် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၈,၈၂၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂,၃၂၆ ယောက် သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။


