စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ရှမ်းမြောင်းရွာကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်သွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဂျိုင်ရိုကော်ပတာတာ ၂ စီးနဲ့ ဗုံးကြဲချသွားပါတယ်။ ရှမ်းမြောင်းရွာက ကိုဇော်လင်းရဲ့ လူနေအိမ်ပေါ် တည့်တည့်ကျတာပါ။ လူနေအိမ်ပျက်စီးပြီး လူထိခိုက်တာတော့မရှိဘူး။ ဘာတိုက်ပွဲမှမရှိဘဲ အပြစ်မဲ့ ပြည်သူတွေရဲ့ အဆောက်အအုံတွေကို အကုန်လိုက်ဖျက်ဆီးပစ်နေတာ”လို့ ပြောပါတယ်။
စစ်တပ်က ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ကနီမြို့ပါဝင်တာကြောင့် အနီးနားက ကျေးရွာတွေကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာလို့လည်း ကာကွယ်ရေးတပ်ဖွဲဝင်တယောက်က ပြောပါတယ်။
“ကနီမြို့အတွင်းကို နမခကတက်လာတဲ့ Mi17 ဂျက် လေယာဉ်တစီး ဆင်းသက်ဖို့ရာ ရှေ့ပြေးအနေနဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ အရင်ဆုံး ဗုံးကြဲချသွားတာ။ နောက်ခဏနေတော့ Mi17 ဂျက်လေယာဉ်နဲ့ ကနီမြို့အတွင်း ဆင်းသက်တယ်။ စစ်တပ်ကလုပ်မဲ့ ခွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အခြေအနေလို့ယူဆတယ်။”
ကနီမြို့နယ်မှာ စစ်တပ်က မြို့ပေါ်တနေရာကိုပဲ မြို့အစောင့်အနေနဲ့ ထိန်းထားနိုင်ပြီး ကျန် ကျေးရွာပေါင်း ၁၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၄ မတ် ၂ ရက်မှာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကစလို့ မြို့အတွင်းရှိပြည်သူတွေ နေရပ်စွန့်ခွာနေရတာဟာ အခုလက်ရှိအချိန်အထိဖြစ်ပါတယ်။
ကနီမြို့အတွင်းမှာတော့ စစ်တပ်ထောက်ခံသူအနည်းငယ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ ရှိတယ်လို့လည်း သိရပါတယ်။






