မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ဆင်နီတောင်ကျေးရွာကို ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ဆင်နီတောင်ရွာက ဗုံးကြဲခံရတဲ့အိမ်မှာ ရှိနေတဲ့ အမျိုးသမီးတယောက်ကတော့ လက်မောင်းပြတ်သွားပြီးတော့ ဗုံးမှန်တဲ့ ဒဏ်ရာတွေလည်း ရတာကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်။ အိမ်ကတော့ ၃ လုံးလောက် ပျက်စီးသွားတယ်။ မီးတိုင်တွေ ပျက်စီးပြီး မီးကြိုးတွေလည်း ပြတ်ကျကုန်သေးတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်သွားတဲ့ စက်တပ်လေထီးဟာ ကပစ ၂၂ ကနေ တက်လာတာဖြစ်ပြီး ဆင်နီတောင်ကျေးရွာထဲကို ၁၂၀-မမ ဗုံးသီး ၂ လုံးနဲ့ ရွာသစ် နဘဲကန်ကျေးရွာအနီးကို ၁၂၀-မမ ဗုံးသီး တလုံး ကြဲချသွားတာလို့ ဆိုပါတယ်။
ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာဝန်ခံက “ဆင်နီတောင်ရွာကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ကြဲသွားတာပါ။ အဲဒီရွာထဲကို ကြဲသွားတာက ၁၂၀-မမ ၂ လုံးပါ။ တလုံးကတော့ လူနေအိမ်ပေါ်ကျပြီး ပေါက်ကွဲတယ်။ နောက်တလုံးကတော့ လမ်းပေါ်ကျပြီး မပေါက်ကွဲလို့ ပြည်သူတွေအတွက် အန္တရာယ်ရှိနေတာကြောင့် ရွာ့အပြင်ကို သယ်ယူလာခဲ့ပါတယ်။ ပြည်သူ ထိခိုက်သေဆုံးတာမရှိဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းကစလို့ ဆိပ်ဖြူမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်ကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။







