
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် အနောက်ခြမ်းက ထီးလင်းကောင်ဂျာရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးဒုက္ခသည် ၁၈ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော် မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေရတဲ့ ထီးလင်းကောင်ဂျာရွာမှာ ရက်လည်ဆုတောင်းပြုလုပ်နေတဲ့ နေရာကို စစ်တပ်က ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ဒုက္ခသည် ၁၈ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ၂၈ ယောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လူစုလူဝေးနဲ့ ရက်လည်ဆုတောင်း ပြုလုပ်နေတဲ့ နေရာတည့်တည့်ကို ဗုံးကြဲခဲ့ပြီး ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကို ဂရုစိုက် သတိထားဖို့ လိုတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“မနေ့က ရက်လည် ဆုတောင်းပွဲအတွက် ပြင်ဆင်နေတဲ့အချိန် ဖြစ်နေတော့ အပေါ်ကနေကြည့်ရင် လူစုလူဝေး ဖြစ်နေတာကို ဗန်းမော်တိုက်ပွဲအတွက် ထောက်ပို့ဖို့ ပြင်ဆင်နေတယ်ထင်ပြီး ပစ်တာလားတော့ မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်ကော်မရှင်က စစ်ရှောင်လည်း မရှောင်ဘူး၊ စာသင်ကျောင်းတို့၊ ဘုရားကျောင်း အားလုံးကို ပစ်တာပဲ။ ဒါကြောင့် လူထုအနေနဲ့ လေကြောင်းသတင်းကို အမြဲတမ်း ဂရုတစိုက် နားထောင်ဖို့၊ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရမယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် မိဘနှစ်ပါး သေဆုံးကာ ဦးခေါင်း ဒဏ်ရာရထားတဲ့ ၂ လသား အရွယ် ကလေး အပါအဝင် ထိခိုက်ခဲ့သူ ၂၈ ယောက်ဟာ လိုင်ဇာဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး သေဆုံး ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့ပေါ်မှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်တာအပြင် စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ရွာတွေကိုလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ် တနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈,၈၂၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂,၃၂၆ ယောက် သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။


