
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက ကျောက်ဖြူ-ရန်ကုန် လမ်းမကြီးရှိ ရွှေရခိုင် ကားဂိတ်အနီးကို အသေခံဒရုန်းတစီးနဲ့ ဗုံးတလုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကုန်ဘောင်ကြီးရွာက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးကြဲတာကတော့ ကျောက်ဖြူ-ရန်ကုန် လမ်းပိုင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ အဲဒီမှာ လမ်းပေါ်မှာရှိတဲ့ ကုန်ဘောင်ကြီးရွာက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြတာ။ ဒဏ်ရာက ပြင်းပြင်းထန်ထန် မဟုတ်ပေမဲ့ ကျောက်ဖြူဒေသခံတွေအတွက် လေကြောင်းအန္တရာယ်က အတော်လေးကို ကြောက်စရာဖြစ်လာနေပြီ။”
စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသူတွေကတော့ ကျောက်ဖြူမြို့နယ်၊ ကုန်ဘောင်ကြီးရွာနေ အသက် ၃၀ အရွယ် ဦးမင်းသက်ထွန်းနဲ့ အသက် ၂၄ နှစ်အရွယ် မပန်းအိစံ တို့ ဖြစ်ကြပြီး အနီးအနားရှိ နေအိမ်တဆောင်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်ကလည်း ကျောက်ကလေကျေးရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက် သေဆုံးပြီး နောက်ထပ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေကြပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က မင်းတပ်တောင်နဲ့ သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင်နေသလို AA ဘက်ကလည်း ဓညဝတီ ရေတပ်ဌာနချုပ်အနီးကို တိုက်ခိုက်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။


