
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ နေအိမ်ထဲ ခြံရှင်းနေတဲ့ အမျိုးသားတယောက် မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ဒေါဥခူရပ်ကွက်က နေအိမ်ထဲမှာ ခြံရှင်းနေရင်းကနေ ခြံထဲမှာ ထောင်ထားတဲ့ နင်းမိုင်း နင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သူ အိမ်ပြန်တာ၊ ခြံရှင်းရင်းနဲ့ ဖြစ်တာ။ သူတို့(စစ်တပ်)က မိုင်းတွေ နေရာအနှံ့ထောင်မှာပဲ၊ သူတို့ ခြေကုပ်ယူထားတဲ့နေရာဆိုတော့၊ ပြည်သူနဲ့နီးပြီး တယောက်မဟုတ် တယောက်က နင်းမိတာမျိုးပေါ့” လို့ ပြောပါတယ်။
ဓမ္မာရုံ၊ ဒေါဥခူ၊ နောင်ယား (က)၊ နောင်ယား (ခ)၊ ထေးငှားလျား၊ နာနတ်တော၊ တိုက်ခြောက်လုံး၊ ဘာဒို စတဲ့ရပ်ကွက်တွေမှာ ၁၁၁၁ စစ်ဆင်ရေးအချိန်က ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေမှာလည်း မိုင်းတွေဆင်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ရပြီးတဲ့နောက် စစ်ရှောင်နေတဲ့ သူတွေကို စစ်တပ်က နေရပ်ပြန်လာခိုင်းပြီး မိုင်းတွေ ပြန်လည်ရှင်းပေးဖို့ ငွေကြေးတောင်းခံတာတွေ ရှိခဲ့သလို တချို့နေရာတွေမှာလည်း မိုင်းတွေ ဆက်ရှိနေသေးတာကြောင့် နင်းမိသူတွေ ခုလက်ရှိအချိန်အထိ ရှိနေပါသေးတယ်။
စစ်ဘေးရှောင်ပြည်သူနဲ့ နေရပ်ပြန်နေတဲ့သူတွေလည်း တောင်ယာလုပ်ရင်း မိုင်းနင်းမိတာကြောင့် ခြေထောက်တဖက် ဖြတ်တောက်ရတာတွေ ရှိခဲ့ပါတယ်။


