
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ခြမ်း ပခုက္ကူမြို့နယ်အစပ်မှာရှိတဲ့ နှောပင်ရွာကို စစ်တပ်က ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီနဲ့ ဇန်နဝါရီ ၁၆ ရက် မနက်အစောပိုင်းမှာ မီးရှို့ပြီး အဘွားအိုတယောက်ကိုပါ သတ်ဖြတ် မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ်အတွင်းက ကိုင်းရွာကို မီးရှို့သွားတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
နှောကန်ရွာသားတယောက်က “ကိုင်းရွာဘက်ကနေ ကင်းရွာဘက်ကို ဟန်ပြစစ်ကြောင်း အထိုးပြပြီး နှောကန်ရွာဘက်ကို စစ်ကြောင်းက ထိုးသွားတာဗျ။ ညနေပိုင်း နှောကန်ရွာကိုရောက်ပြီး ရွာကို မီးရှို့တယ်။ စစ်ကြောင်းလာတာကို မပြေးနိုင်လို့ ရွာထဲမှာကျန်ရစ်တဲ့ အသက် ၈၀ ကျော်အရွယ် အဘွားအို တဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်ဗျ” လို့ ပြောပါတယ်။
စစ်တပ်မီးရှို့သွားတဲ့ နှောကန်ရွာကို စစ်ကြောင်းထွက်သွားပြီးမှ ဒေသတွင်း လူမှုကူညီရေး ပရဟိတသမားနဲ့ ရွာသားတွေ ပူးပါင်းပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒေသခံ ပရဟိတသမားတယောက်က “တရွာလုံး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးတယ်။ ရိတ်သိမ်းပြီးတဲ့ ကောက်ပဲသီးနှံတွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်။ စစ်ကြောင်းက မနက်ခင်း အစောပိုင်းအချိန်ကတည်းက ရွာကိုမီးရှို့ပြီး ထွက်သွားကြတယ်။ ကျနော်တို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး မနက်ခင်း အစာပိုင်းကတည်းက မီးငြှိမ်းသတ်နေရတာ။ နေ့ခင်း ၂ နာရီကျော်တဲ့အထိ မီးငြှိမ်းသတ်တာ မပြီးသေးဘူး။ အခုအထိ ငြှိမ်းသတ်နေရတုန်း” လို့ ပြောပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ကိုင်းရွာကို မီးရှို့သွားလို့ ပြည်သူ့နေအိမ် ၃၀ နဲ့ ကောက်ပံသီးနှံတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
အဆိုပါ ကျေးရွာ ၂ ရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းဟာ လက်ရှိအချိန်မှာ ညောင်တွင်းရွာကို ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် မြိုင်မြို့နယ် တောင်ခြမ်းက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။


