
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး များတဲ့အတွက် ရှေ့တန်းစစ်ကြောင်းတချို့ နောက်ဆုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလထဲ စစ်ကောင်စီတပ်နဲ့ AA တို့ သစ်ပုတ်တောင်တိုက်နယ်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ ရှေ့တန်းမှ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ နောက်တန်းစခန်းကို နောက်ဆုတ်နေရတာလို့ဆိုပါတယ်။
ဒေသခံသတင်းရင်းမြစ်က “သစ်ပုတ်တောင် တိုက်နယ်ထဲက နေရာတချို့က တော်တော်အထိနာသွားတယ်။ အခု အဲဒီစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ၊ ဒဏ်ရာရတဲ့သူတွေပါ အကုန် ရေတပ်ကို နောက်ဆုတ်သွားတယ်”လို့ ပြောပါတယ်။
သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်ကို ဒိုးမတောင်ပတ်ဝန်းကျင်၊ ကုလာဘာတောင်ပတ်ဝန်းကျင်က စစ်ကြောင်းတွေ၊ ကြံချိုင်၊ စည်မော်၊ သပြုတောင်ရှိ ကာကင်းစစ်ကြောင်းကို နောက်ဆုတ်နေရပြီး ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို ရေတပ်ဌာနချုပ်ကို ပို့ဆောင်ပေးထားရတယ်လို့ သူက ဆိုပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ဇန်နဝါရီ ပထမအပတ်က သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင်၊ ကုလဘာတောင် ပတ်ဝန်းကျင်မှာ တိုက်ပွဲ အများဆုံးဖြစ်ခဲ့ပြီး တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်က သင်တန်းဆင်းခါစ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“သေဆုံးတဲ့အလောင်း၊ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေဟာ အကုန် ပြည်သူ့စစ်များပါတယ်။ သူတို့တွေက စစ်ရေးလည်း နားမလည်ဘဲ ရှေ့တန်းမှာ ရှေ့ကနေရတယ်။”
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်း AA ဘက်က သိုင်းချောင်းပတ်ဝန်းကျင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀ ယောက်ကျော် ဖမ်းဆီးရမိခဲ့ပြီး အကုန်လုံးက ပြည်သူ့စစ်သင်တန်းဆင်းတွေ ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်ကလည်း AA တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် အမှတ် ၃၂ ရဲတပ်ရင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
အကျအဆုံးများနေတဲ့ စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူတွေ နေထိုင်တဲ့ နေရာတချို့ကို ဇန်နဝါရီ ၁၂ ရက်က ရခိုင်ပင်လယ်ပြင်ရှိ ရေတပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ကမ်းနီးဒေသခံ ကျေးရွာတွေက ရွာသားတွေ ကြောက်လန့်စိုးရိမ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


