
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဗျူဟာကျတဲ့ အောင်မြင်မြို့ (ခ) တောကျွဲအင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်ကစတင်ကာ ဝင်ရောက်စီးနင်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကညွတ်ကွင်းနဲ့ ပဲနွယ်ကုန်းမြို့ကြားရှိ တောကျွဲအင်းမြို့အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်း ၄ ခုထက်မနည်းကို တော်လှန်ရေးတပ်တွေက ရှင်းလင်းပြီး မြို့ကို ထိန်းနိုင်ခဲ့တာလို့ သိရပါတယ်။
တောကျွဲအင်းမြို့ခံတယောက်က “ညကတော့ တိုက်ပွဲတွေဖြစ်တယ်။ ကျနော်လည်း ရှောင်နေရတယ်၊ သူတို့ (PDF) ကားလမ်းအရှေ့ခြမ်းကသူတွေ အကုန်လုံးကို ရွှေ့ခိုင်းလို့။ သိမ်းတော့ သိမ်းသွားတယ်၊ စခန်းတို့၊ ဆေးရုံတို့၊ ကင်းတဲတို့ ဂိတ်တွေကို။ ဒီနေ့မနက်တော့ လေယာဉ် ၃ ခါ လာသွားတယ်၊ ရထားလမ်းဘေးတွေကိုပဲ ကြဲချသွားတာ။ အခုတော့ ရှောင်နေတာ၊ ဘယ်လိုအခြေအနေရှိမလဲဆိုတာ ညကို စောင့်ကြည့်ရဦးမယ်၊ လူပဲရှောင်ရတာ” လို့ ပြောပါတယ်။
တိုက်ပွဲထဲ တောကျွဲအင်းမြို့နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၇ နဲ့ ကညွတ်ကွင်းနားက ခမရ ၄၃၉ တပ်ရင်းတွေကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ PDF တွေကို မြို့ထဲမတွေ့ရတော့ဘဲ မြို့အရှေ့ခြမ်းနားကနေသာ ထိတွေ့သံတချို့ ကြားနေရတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။
တိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေကြရပြီး အမြန်လမ်းပေါ် ကားတွေလည်း ပိတ်မိနေကာ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။
စိုးသူအောင်


