
ကျောက်ဖြူတွင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ ဇန်နဝါရီ ၈ ရက် မနက်က နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်တယောက်အပါအဝင် ၁၀ ယောက်နီးပါးသေဆုံးပြီး လက်နက်ခဲယမ်းတွေ AA က သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီမနက်က ဦးကင်းကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်တပ်စစ်ကြောင်းကို AA က တိုက်တာပါ။ စစ်တပ်ဘက်က ၁၀ ယောက်ခန့်ကျတယ်၊ လက်နက်ခဲယမ်းကို AA က သိမ်းယူနိုင်ခဲ့တယ်။"
ဇန်နဝါရီ ၈ ရက် မနက်က သစ်ပုတ်တောင်တိုက်နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က အငိုက်မိပြီး အကျအဆုံး များခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျားထွက်ပြေးနေကြပြီး AA ဘက်က လိုက်လံချေမှုန်းနေစဉ် စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ရေတပ်ဌာနချုပ် ပတ်ဝန်းကျင်ကို အဓိက ပေါင် ၅၀၀ ဗုံး ချတယ်၊ နောက်ပြီး စက်သေနတ်တွေနဲ့ပစ်တယ်၊ ရေတပ်က ဒရုန်း၊ နေဗီက လက်နက်ကြီးပါ ပစ်ကူပေးတယ်။”


