
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်ဖြစ်နေပြီး AA ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ရေတပ်ဌာနချုပ်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် တပ်ဖွဲ့ဝင်တချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ AA တို့ ဇန်နဝါရီ ၆ ရက်က သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင်နဲ့ ကုလာဘာကျေးရွာ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“နေ့လယ်ကတည်းက ဖြစ်နေတာပါ၊ လက်နက်ကြီးသံ၊ ဒရုန်းသံ၊ ဆူညံအောင် ကြားရပါတယ်။ ညနေဘက်တော့ နည်းနည်းအေးသွားတယ်။”
အာရက္ခတပ်တော်က နောက်ဆုတ်ပေးလိုက်ရတဲ့ သစ်ပုတ်တောင်တိုက်နယ်ထဲ ဒိုးမတောင်နဲ့ ကုလာဘာကျေးရွာတို့ကို အခုတဖန် ပြန်လည်ဝင်ရောက်လာကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
တိုက်ပွဲပြင်းထန်ပြီး AA ဘက်က လက်နက်ကြီးနဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ဝင်းထဲကို ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူထံက သိရပါတယ်။
“ညနေဘက် ၆ နာရီခန့်မှာ ကျတယ်၊ သေဆုံးမှုရှိတယ်လို့ ကြားရတယ်။ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ဆေးရုံကို နေဗီနဲ့ လာပို့လာတယ်။”
ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်က သစ်ပုတ်တောင်ဌာနချုပ်ထဲကို AA ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူရှိခဲ့သလို ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူဆေးရုံဆီ ညတွင်းချင်း ရေတပ်နဲ့ ငလပွေ့ဆိပ်ကမ်းမှတဆင့် လာရောက်ပို့ဆောင်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဓိကခံစစ် ရဲတပ်ရင်း ၃၂ နဲ့ သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ကို AA က ဒရုန်း၊ လက်နက်ကြီးတို့နဲ့ စတင်တိုက်ခိုက်နေပြီး ဒိုးမတောင်၊ ကုလာဘာ၊ လေးခွဆုံ ပတ်ဝန်းကျင်တို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။


