Home
မြန်မာသတင်း
ရွေးကောက်ပွဲပြုလုပ်မည့် ကနီကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ဆားလင်းကြီး၌ မဲရုံ မဖွင့်နိုင်
DVB
·
January 25, 2026

စစ်ကောင်စီက ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကနီမြို့နယ် အရှေ့၊ တောင်နဲ့ မြောက်ခြမ်းတွေကို ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကတည်းက ပါရာမော်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ နိုင်ငံတဝန်း လက်ကျန် ၆၃ မြို့နယ်မှာ ဆက်လုပ်သွားမယ်လို့ ကြေညာထားပြီး အပိုင်း ၃ မှာ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ဆားလင်းကြီး ၂ မြို့နယ်သာ ပါဝင်ပါတယ်။

ကနီမြို့ကို ၂၀၂၄ မတ်လမှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲ ဖော်ခဲ့တဲ့အတွက်  ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာခဲ့ကြတာပါ။

လတ်တလောမှာ စစ်ကောင်စီက ကနီမြို့ပေါ်က သူတို့ကိုထောက်ခံသူ အနည်းငယ်နဲ့ မဲရုံတွေ ထောင်ထားတယ်လို့ သိရပါတယ်။

ကနီဒေသခံ အမျိုးသမီးတယောက်က “ဒီနေ့က ရွေးကောက်ပွဲနေ့လေ၊ လင်းကတည်းက ကနီပတ်ဝန်းကျင် တဝုန်းဝုန်း၊ အခုလည်း တဝုန်းဝုန်းချနေတာ ပါရာမော်တာတွေနဲ့ရော၊ မနက်ကတည်းက ချနေတာ။ မဲပေးမဲ့သူ ဆိုတာကတော့ သူတို့ မြို့ထဲကရှိတဲ့သူလောက်လေးပဲ ရှိမှာလေ။ သူတို့ မြို့ထဲ ဟိုတုန်းက အပြင်မှာ နေစရာမရှိတာလေးရော သူတို့ကို ထောက်ခံတာလေးရော၊ နည်းနည်းပါးပါးပဲ ရှိမှာပါ။ ရှိလှမှ အင်အားလေးမှ ၂၀၀-၃၀၀ လောက်ပဲရှိမှာ။ အဲဒီတနေရာပဲ လုပ်လို့ရမှာလေ၊ ကျန်တဲ့နေရာကတော့ ဘယ်မှမရှိဘူးလေ။ မနက်လင်းကတည်းက ပါရာမော်တာတွေနဲ့ဝဲပြီး ချနေတာ ကနီရှေ့ခြမ်းတွေရော၊ တောင်ဘက်ခြမ်း မြောက်ဘက်ခြမ်းတွေရော” လို့ ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ မြို့ပေါ်မှာတောင် မဲရုံတွေ ကောင်းကောင်းမပြင်ဆင်ထားနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကြေးနီစီမံကိန်းဝန်းထဲက လုပ်သားတွေအတွက်ပဲ မဲရုံတွေထောင်နိုင်ခဲ့ပြီး လုပ်သားတွေရဲ့ မိသားစုဝင်တွေပါ မဖြစ်မနေ မဲထည့်ကြရတယ်လို့ သိရပါတယ်။

စီမံကိန်းဝန်းထဲက မဲရုံတွေကို ကာကွယ်ရေးအဖွဲ့တွေ မနှောင့်ယှက်နိုင်အောင် လုံခြုံရေးတင်းကျပ်တာ၊ စစ်ကြောင်းလိုက် ကင်းလှည့်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးဒေသခံ ကိုပြုံးက “ဆားလင်းကြီးမြို့ပေါ်ကတော့ ငြိမ်ပါတယ်။ မြို့ပေါ်ကတော့ ရွေးကောက်ပွဲမရှိဘူး။ ရွေးကောက်ပွဲက တရုတ်ပိုင်တဲ့ ယန်စီခေါ်မှာပေါ့၊ ယန်စီတောင်ထဲမှာ သူတို့က ဖောင်းကားဘက်ရယ်၊ တည်ပေကန်ဘက်ရယ်၊ ရာဇကျော်ဘက်ရယ်၊ ပြီးတော့ ညောင်ပင်ကြီးဘက်ရယ်ကို သူတို့က အထိုင်ချပြီးတော့မှ လုပ်နေကြတာ။ စစ်ကြောင်းလာတာ ပြေးကြတာဆိုတော့ ဖမ်းမိတယ်တော့ မကြားဘူး။ သူတို့အတွင်းထဲတင်ပဲ အတွင်းကလူပဲ ပေးခိုင်းတာလား မသိဘူး။ မဲရေ သူတို့က ရာဂဏန်းလောက်ကတော့ ရမှာရယ်။ အထဲထဲမှာက ဆားလင်းကြီးနယ်တင် ရှိတာမဟုတ်ဘူးပေ့ါဗျာ။ အဝေးတနယ်ကနေပြီး လာပြီး အလုပ်လုပ်တဲ့သူလည်း ရှိတာဆိုတော့ ရာကြီးပိုင်းတော့ ကျော်မှာပေါ့။ သူတို့အနေနဲ့တော့ သူတို့ထွက်ပေါက်ကိုတော့ ရအောင်ရှာတာပေါ့ဗျာ။ မဖြစ်မနေ ပေးရမှာမျိုးတို့ သူတို့ စစ်ကြောင်းထိုးလို့ လက်နက်ကြီးနဲ့ ထိတာမျိုးတော့လည်း နည်းနည်းတော့ ရင်ထဲတော့ ခံစားရတာပေါ့ဗျာ။ ပြည်သူက ပါဝင်ဆန့်ကျင်ပြီးတော့မှ ဒီရွေးကောက်ပွဲကို ဆန္ဒပြရမယ်၊ ရတဲ့နည်းနဲ့ အမျိုးမျိုးပဲ မြေပြင် ဖိအားပေးပြီးတော့ တော်လှန်ရမှာပေါ့” လို့ ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တုန်းက ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ အပိုင်း ၁ မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၂ ခု၊ အပိုင်း ၂ မှာ မြို့နယ် ၁၁ ခု ပါဝင်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးအတွက် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၂၅ မြို့နယ်သာ ကျင်းပမဲ့အကြောင်း ကြေညာနိုင်ခဲ့ပြီး ၁၂ မြို့နယ်မှာ မကျင်းပနိုင်ခဲ့ပါဘူး။

ကျင်းပနိုင်တယ်ဆိုတဲ့ မြို့နယ်တွေမှာလည်း မြို့နယ်တခုချင်းစီကို လွှမ်းခြုံတဲ့ မဲရုံတွေနဲ့ မဲပေးစနစ်ကို စစ်ကောင်စီက မပြင်ဆင်နိုင်ခဲ့သလို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာလည်း နည်းပါးခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013