
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တဝန်းက မြို့အများအပြားမှာ ဇန်နဝါရီ ၃၁ ရက်က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ ၆၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ရဲနဲ့ လုံခြုံရေးဝန်ထမ်း ၁၀ ယောက်၊ အရပ်သား ၁၁ ယောက်လည်း သေဆုံးခဲ့ပြီး ရဲအရာရှိ ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြံရေးအရာရှိတွေ မေးမြန်းချက်အရ သိရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပြီး စစ်တပ်ရဲ့ မီဒီယာဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
အီရန်၊ အာဖဂန်နစ္စတန်တို့နဲ့ နယ်စပ်ဖြစ်ပြီး ပါကစ္စတန်ရဲ့ အကြီးဆုံးနဲ့ လူနေအကျဲပါးဆုံး ပြည်နယ် ဘာလိုချီစတန်မှာ ခွဲထွက်ရေးသူပုန်ထမှုကို ဆယ်စုနှစ်များစွာကြာအောင် ရင်ဆိုင်နေရတာပါ။
သီးခြားတိုက်ခိုက်မှုတွေမှာ စစ်သွေး ကြွ ၄၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောအပြီး တရက်အကြာမှာ ဒီတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။
ပိတ်ပင်ထားတဲ့ ခွဲထွက်ရေးအုပ်စု ဘာလိုချီစတန်လွတ်မြောက်ရေး တပ်မတော် (BLA) က စနေနေ့က တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောခဲ့ပြီး ပြည်နယ်တဝန်းမှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ BLA က ပါကစ္စတန်လုံခြုံရေးဝန်ထမ်း ၈၄ ယောက်အား သတ်ဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လက်နက်ကိုင်အမျိုးသားတွေက ပြည်နယ်မြို့တော် ကတ်တာနဲ့ ဆိပ်ကမ်းမြို့ ဂွါဒါ အပါအဝင် မြို့ပြဒေသအများအပြားမှာ တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောခဲ့ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်မှုတန်ပြန်ရေး တပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာလို့ ဆိုပါတယ်။
ခရိုင်တချို့မှာ ဆေးရုံတွေကို အရေးပေါ်အခြေအနေတွေမှာ ထားထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လက်နက်ကိုင်အမျိုးသားတွေဟာ ကတ်တာမြို့ရဲ့ အစိတ်အပိုင်းတချို့မှာ လမ်းတွေကို ခဏပိတ်ဆို့ထားပါတယ်။
လုံခြုံရေးမြင့်တဲ့ နေရာနားမှာ ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ပြောခဲ့ပါတယ်။
တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လုပ်နေတုန်းပဲလို့ လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှုကို တိုင်းတပါးက ကျောထောက်နောက်ခံပြုထားတယ်လို့ ပါကစ္စတန်အစိုးရက ပြောခဲ့ပြီး အိန္ဒိယက ငြင်းဆိုခဲ့ပါတယ်။


