
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ ဂူလ်ပလာဇာ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်အပြီး အထပ်မြင့် အဆောက်အအုံရဲ့ ဆိုင်တဆိုင်က အနည်းဆုံး အလောင်း ၃၀ ကို ရှာဖွေတွေ့ရှိပြီးနောက်မှာ သေဆုံးသူဦးရေဟာ အယောက် ၆၀ အထိ မြင့်တက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အလောင်းတွေကို ဈေးဝယ်စင်တာရဲ့ ထပ်ခိုးကြမ်းပြင်ကနေ ပြန်လည်တွေ့ရှိခဲ့ကြောင်းနဲ့ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း အကြီးတန်းရဲအရာရှိ ဆယဒ် အာဆဒ် ရာဇာက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ်မီစက်ကိရိယာတွေ အသုံးပြု ဆောင်ရွက်နေပြီး အဆောက်အအုံရဲ့ ပြိုကျနေတဲ့အပိုင်းတွေက အပျက်အစီးတွေကို ဖယ်ရှားနေကြောင်းလည်း ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာ ပျက်စီးနေတဲ့ အဆောက်အအုံအတွင်းရှိ မီးခိုးနဲ့ အပူကြောင့် အဆောက်အအုံရဲ့ အစိတ်အပိုင်းတချို့ကို ရောက်ရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း အရာရှိက ပြောပါတယ်။
အဆောက်အအုံရဲ့ အစိတ်အပိုင်းတခုကို ရှင်းလင်းပြီးသွားပြီဖြစ်ကာ အပျက်အစီးတွေအောက်ရှိ လူတွေကို ကယ်ဆယ်ဖို့ ကျန်အစိတ်အပိုင်း ၂ ခုကို ပိုက်စိပ်တိုက် ရှင်းလင်းနေတယ်လို့လည်း ဆိုပါတယ်။
အလောင်းတွေ၊ အရိုးတွေကို DNA တိုက်ဆိုင်စစ်ဆေးဖို့အတွက် ဆေးရုံပို့ဆောင်ခဲ့ကြောင်း ဒုတိယရဲမင်းကြီး ဂျာဗက် နာဘီ ခိုဆိုက သတင်းထောက်တွေကို ပြောပါတယ်။
ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရာဖို့ အခက်အခဲတွေကြောင့် သေဆုံးသူဦးရေ အတိအကျ သိနိုင်ဖို့ ခက်ခဲကြောင်းလည်း သူက ဆိုပါတယ်။
အာဏာပိုင်တွေဟာ မီးလောင်ကျွမ်းမှုကို ရှုထောင့်အမျိုးမျိုးက ကြည့်ရှုအကဲဖြတ်နေချိန်မှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတခု စတင်လိုက်ပြီဖြစ်ကြောင်း ကရာချိကော်မရှင်နာ ဆယစ်ဒ် ဟက်ဆန် နက်ဗီက ပြောပါတယ်။
ဆိပ်ကမ်းမြို့တော်ရဲ့ ဆယ်စုနှစ်တခုကျော်အတွင်း အကြီးမားဆုံး မီးလောင်မှုဟာ ဇန်နဝါရီ ၁၇ ရက် ညနှောင်းပိုင်းမှာ စတင်ဖြစ်ပွားခဲ့တာပါ။
မီးဟာ မင်္ဂလာဆောင်ဝတ်စုံတွေ၊ အရုပ်တွေ၊ ပန်းကန်ခွက်ယောက်တွေနဲ့ တခြားကုန်ပစ္စည်းတွေ ရောင်းချတဲ့ မိသားစုပိုင် ဆိုင်ခန်းပေါင်း ၁,၂၀၀ ကျော်ရှိပြီး နာမည်ကျော် ဂူလ်ပလာဇာ ဈေးဝယ်စင်တာကြီးအတွင်းကို အလျင်အမြန် ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။
မီးသတ်သမားတွေဟာ အင်္ဂါနေ့အထိ ဈေးဝယ်စင်တာအတွင်းရှိ မီးကို ငြှိမ်းသတ်နေခဲ့ကြပါတယ်။ မီးကို ထိန်းချုပ်နိုင်ချိန်မှာတော့ ဂူလ် ပလာဇာဟာ ပြာနဲ့ အပျက်အစီးတွေပဲ ကျန်ရှိပါတော့တယ်။
ပြည်နယ်ပိုင် ကယ်ဆယ်ရေးဌာနတခုရဲ့ အဆိုအရ စုစုပေါင်း လူ ၈၄ ယောက် ပျောက်ဆုံးနေကြောင်း မှတ်တမ်းတင်ထားပါတယ်။
ပျောက်ဆုံးနေသူ အများစုမှာ သေဆုံးနေပြီလားလို့ စိုးရိမ်ရပြီး သေဆုံးသူဦးရေမှာ ပိုမြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters


