Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ဈေးဝယ်စင်တာကြီး မီးလောင်ပြီး လူ ၂၃ ဦးထက်မနည်း သေဆုံး 
DVB
·
January 20, 2026
Photo: REUTERS/Akhtar Soomro

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က ဈေးဝယ်စင်တာတခု မီးလောင်လို့ သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၂၀ ရက်က ၂၃ ယောက်အထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ပျက်စီးနေတဲ့ အဆောက်အအုံကနေ အလောင်းတွေကို ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုဖြစ်အပြီး ၂၄ နာရီနီးပါးအကြာမှာမှ ကယ်ဆယ်ရေးအဖွဲ့တွေ အဆောက်အအုံထဲကို ဝင်နိုင်ခဲ့တာဖြစ်ပြီး  လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲပါ။ 

အာဏာပိုင်တွေက နောက်ထပ်လူ ၄၆ ယောက်ကို ရှာနေချိန်မှာ သေဆုံးသူဦးရေ မြင့်တက်လာမှာကို စိုးရိမ်နေတယ်လို့ မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ အာဆတ် ရာဇာက ပြောပါတယ်။

အလောင်း ၆ လောင်းကိုသာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရာဇာက The AP သတင်းဌာနကို ပြောပါတယ်။

ကျန်တဲ့အလောင်းတွေကို မှတ်မိဖို့ ခက်ခဲလို့ DNA စစ်ဆေးဖို့လိုမယ်လို့ ရဲဆရာဝန် ဒေါက်တာ ဆမ်မိုင်ယာ ဆိုင်ယက်က ပြောပါတယ်။ ဆရာဝန်တွေက ပျောက်ဆုံးနေသူတွေရဲ့ ဆွေမျိုးတွေဆီက DNA နမူနာတွေကို စုဆောင်းနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဒေသခံမီဒီယာတွေကတော့ မီးလောင်မှုမှာ လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေနဲ့ သေဆုံးသူတွေကို ရှာနေတယ်လို့ အစောပိုင်းမှာ ဆင်းဒ်ပြည်နယ် ဝန်ကြီးချုပ် မူရတ်အလီရှားက ကရာချိမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

မီးသတ်သမားတွေဟာ မနေ့ညနေ နှောင်းပိုင်းမှာ အထပ်မြင့်အဆောက်အအုံ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသူတွေထဲမှာ မီးသတ်သမားတယောက်လည်း ပါဝင်ပြီး အစိုးရက သေဆုံးသူ တယောက်ချင်းစီရဲ့ မိသားစုတွေကို ရူပီး ၁၀ သန်း (ဒေါ်လာ ၃၆,၀၀၀) လျော်ကြေးပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013