
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ဒီနေ့ဇန်နဝါရီ ၃၁ ရက် မနက် ၉ နာရီဝန်းကျင် ကစလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်တွေစာ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာ နောက်ကျော ထုံးဘိုကျေးရွာဘက်ကနေ မနေ့ညပိုင်းကစပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က ”လက်ရှိအချိန်ထိ ပစ်လိုက်ခတ်လိုက်ပဲဗျ။ လောလောဆယ်တော့ အရပ်သား ထိခိုက်တာတွေ မသိရသေးဘူး။ နှစ်ဖက်လုံးပိတ်ဆို့ထားကြတော့ ပြည်သူတွေ ထွက်မရတဲ့အခြေအနေဖြစ်နေတယ်။ ပစ်ခတ်သံတွေကြား ရေမြောင်းထဲ ဝင်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။
ထုံးဘိုကျေးရွာဘက်ကနေ ဂျမ်ကပ်လမ်းအတိုင်း ဆိပ်မူကျေးရွာကို ထွက်တဲ့လမ်းဟာ ဆိပ်မူရွာဟောင်းကျေးရွာကို ပေါက်တာဖြစ်ပြီး ရုတ်တရက်တိုက်ပွဲဖြစ်တာကြောင့် အရပ်သားတွေ ပိတ်မိနေတာလို့ ဆိုပါတယ်။
ဖားကန့်ဗျူဟာကုန်းကလည်း တိုက်ပွဲဖြစ်ပွားရာနေရာဘက်အပြင် ဖားကန့်မြို့ပတ်ပတ်လည်ကို လက်နက်ကြီး နဲ့ ပစ်ခတ်နေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း အရပ်သားတွေကို မလိုအပ်ဘဲ အပြင်မသွားကြဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ လေကြောင်းတော့ မလေသေးဘူး။ ဆိပ်မူကို ဦးတည်တဲ့စစ်ကြောင်းက ယူမာအနောက်လမ်းက တိုးတာဆိုပေမဲ့ တိုက်ပွဲအခြေအနေအရ ဖားကန့်- မူမာ-ဆိပ်မူသွားလမ်းကိုတော့ ဒီမနက်မှာပိတ်ထားတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့ပေါ် မှာ စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲခဲ့ပေမဲ့ အပြန်အလှန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဖားကန့်-ယူမာ-ဆိပ်မူ လမ်းကို တိုက်ပွဲအခြေအနေကြောင့် တော်လှန်ရေးတပ်တွေဘက်က ယာယီပိတ် ထားလိုက်သလို မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က အစစ်အဆေးတွေ လုပ်နေတယ်လို့ သိရပါတယ်။


