
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွလမ်းပိုင်းမှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီရဲအရာရှိတချို့ စက်သုံးဆီမှောင်ခိုတင်သွင်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ ရဲအရာရှိတချို့နဲ့ စီးပွားရေလုပ်ငန်းရှင်တချို့ပေါင်းပြီး ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီတွေတင်သွင်းနေတယ်လို့ တိုင်ကြားချက်အရ ရဲအရာရှိ ၄ ယောက်လောက်ကို စစ်တပ်က ဖမ်းဆီးပြီး ဇန်နဝါရီဒုတိယအပတ်က စတင်စစ်ဆေးနေတာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတယောက်က “ရဲအရာရှိ နယ်ထိန်း ၂ ယောက်။ ရဲမှူး တယောက်အပါအဝင် ၄ ယောက်လို့ သိရတယ်။ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး စက်သုံးဆီမှောင်ခိုဖြန့်တဲ့ကိစ္စနဲ့ စစ်ဆေးခံနေရတာ။ စစ်ကော်မရှင်တပ်ဘက်က စစ်ဆေးနေတာ။ သတင်းဖုံးထားတာ” လို့ပြောပါတယ်။
မန္တလေးတိုင်းဘက်ကနေ ဧရာဝတီတိုင်းထဲကို တာဝန်လာကျနေတဲ့ ဖြိုးဝေဆိုတဲ့ ရဲအရာရှိအပါအဝင် ရဲအရာရှိ ၄ ယောက်ကို စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့က ပုသိမ်တပ်ထဲကို ခေါ်ယူစစ်ဆေးနေတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ပုသိမ်ဒေသခံတယောက်က “ရဲတွေ အချင်းချင် ပြန်ဖမ်းတယ်သတင်း ကြားလို့ စုံစမ်းကြည့်တော့မှသိရတာ။ ပုသိမ်မှာစစ်တာဖြစ်လောက်တယ်။ ပုသိမ်ကို ရန်ကုန်တပ်က အရာရှိတွေရောက်နေတယ်” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်ထဲက ရေနံ့သာစစ်ဆေးရေးဂိတ်ဟာ ပုသိမ် - မုံရွာလမ်း အနောက်ဘက်ခြမ်းမှာရှိပြီး ရခိုင်ပြည်နယ်ဘက်ကို ဧရာဝတီတိုင်းဘက်က ကုန်စည်တွေမရောက်စေဖို့ စစ်တပ်နဲ့ ရဲတွေက တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့ ဂိတ်တခုဖြစ်ပါတယ်။


