Home
နိုင်ငံတကာ
ထိုင်းရွေးကောက်ပွဲတွင် သံသယဖြစ်စရာများကြောင့် ဆန္ဒမဲများ ပြန်ရေတွက်ရန် တောင်းဆိုဆန္ဒပြ 
DVB
·
February 10, 2026
Photo: Nation TV

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ပြီးဆုံးသွားပြီး ကနဦး အနိုင်ရပါတီစာရင်းတွေ ထွက်ရှိခဲ့ပေမဲ့ မဲရုံတချို့မှာ သံသယဖြစ်စရာတွေ ရှိနေလို့  ပြန်လည်ရေတွက်ဖို့ မဲဆန္ဒရှင်တွေက လိုလားပြီး ဆန္ဒပြတာလည်း ရှိနေပါတယ်။

ဘန်ကောက်အနီး ပထုံဌာနီခရိုင် မဲရုံအမှတ် ၇ မှာဆိုရင် အခန်းတံခါးတွေ အလုံပိတ်ပြီး မဲရေတွက်တာ၊ ဘယ်သူမှ ပေးမဝင်၊ ဓာတ်ပုံရိုက်ခွင့်လည်း မပြုတာကြောင့် မဲဆန္ဒရှင် တက္ကသိုလ်ကျောင်းသား ၂၀၀ လောက်က ဆန္ဒပြခဲ့ကြပြီး သူတို့ကိုယ်တိုင် ပါဝင်ရေတွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

အထဲဝင်ရောက်ရာမှာ စီစီတီဗီကင်မရာကို အိတ်အမည်းစွပ်ပြီး ဖုံးကွယ်ထားတယ်၊ စီစီတီဗီ ကင်မရာကို အိတ်နဲ့စွပ်ထားတာကတော့ စက်ပျက်နေတယ်လို့ အကြောင်းပြပြီး ကျောင်းသားတွေကိုတော့ မဲရေတွက်ခွင့် ပြုလိုက်ပါတယ်။

ည ၉ နာရီကနေ သန်းခေါင်ယံထိ ရေတွက်အပြီးမှာ ပြည်သူ့ပါတီက မူလရမှတ်ထက် ၁၃ မဲသာ ပိုလာပါတယ်။ ဖုမ်းကျိုင်းထိုင်း (အပြာရင့်ရောင်ပါတီ) က ၄၄,၅၁၉ မဲ၊ ပြည်သူ့ပါတီ (လိမ္မော်ရောင်) က ၂၅,၇၈၃ သာရတာမို့ အနိုင်အရှုံး ထူးခြားမှုမရှိပါဘူး။ အဲဒီမဲရုံမှာတော့ ပြေလည်မှု ရသွားပါတယ်။

ချွန်းပူးရီးခရိုင် မဲဆန္ဒနယ်မြေ အမှတ် ၁ မှာတော့ ပါတီလစ်စ်မှာ ပြည်သူ့ပါတီဘက်က မဲအသာစီးရနေပေမဲ့ ကိုယ်စားလှယ်မဲမှာ ဖုမ်းကျိုင်းထိုင်းပါတီက သာလွန်မဲနဲ့ နိုင်နေတယ်၊ ဒီအ ပေါ်မှာ သံသယဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေက သွားရောက်ကြည့်ရှု မေးမြန်းကြတယ်၊ မဲပုံးကို လုံခြုံ‌ရေးကေဘယ်လ်ကြိုးနဲ့ မချည်ဘဲ ပလတ်စတစ်ကြိုးနဲ့ ဖြစ်သလိုချည်ပြီး ရွှေ့ပြောင်းဖို့ လုပ်နေ တာ၊ တာဝန်ရှိသူတွေက ကေဘယ်လ်ကြိုး ကုန်သွားတယ်လို့ အကြောင်းပြပေမဲ့ အမှိုက်ပုံမှာ အဲဒီကြိုးတွေ့တာ၊ ဆန္ဒမဲပေါင်းတဲ့ စာရင်းစာရွက်ကြီးကို အမှိုက်ပုံမှာ သွားတွေ့တာ၊ ဆန္ဒမပြု ရသေးတဲ့ မဲလက်မှတ်မှာ ကြိုတင်ဆိုင်းထိုးထားတာ စတဲ့ မသင်္ကာစရာတွေ တွေ့တယ်၊ ဒါကြောင့် ပြည်သူတွေက မဲပြန်ရေတွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ကျန်ထပူရီ၊ ဖိကျစ်၊ မဟာဆာရခန်း အစရှိတဲ့ ခရိုင်တွေမှာလည်း အနိုင်ရပါတီ (ဖုမ်းကျိုင်းထိုင်း) က ရတဲ့မဲအရေအတွက်ဟာ မဲပေးပိုင်ခွင့်ရှိသူ ထောင်နဲ့ချီ ပိုနေတာ၊ ပယ်မဲတွေက ယုတ္တိမတန် များလွန်းတာ၊ အွန်လိုင်းပေါ် ကြေညာတဲ့ မဲအရေအတွက်နဲ့ မဲရုံက သင်ပုန်းပေါ် ပေါင်းပြီး ရထားတဲ့ အရေအတွက် ကွာခြားနေတာ၊ ကြက်ခြေခတ်ရာမှာ မင်သိပ်မထင်လို့ ၂ ခါပြန်ခြစ်တာ၊ ကြက်ခြေခတ် အနည်းငယ် ကွေးကောက်သွားတာ‌တွေဟာ ဥပဒေအရ ဘောင်ဝင်ပေမဲ့ ပယ်မဲလုပ်လိုက်တာ စတဲ့ပြဿနာတွေ ရှိနေတယ်။ လမ်းပန်းခရိုင်ထဲမှာလည်း မယုံနိုင်စရာ ပယ်မဲ ၇,၀၀၀ ကျော် ရှိတာကြောင့် မဲဆန္ဒရှင်တွေက ပြန်လည်ရေတွက်ဖို့ တောင်းဆိုနေကြပါတယ်။

ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နာ့ဿ်ဖုန်း ကတော့ အနိုင်နဲ့ အရှုံးကို လက်ခံလို့ရတယ်၊ မသမာမှုတွေကိုတော့ လက်ခံလို့မရဘူးလို့ ပြောဆိုပြီး သံသယဖြစ်ဖွယ်ရှိတဲ့ မဲဆန္ဒနယ်မြေပေါင်း ၁၀ ခုမှာ မဲပြန်လည်ရေတွက်ဖို့ တောင်းဆိုထားပါတယ်။

အဆိုပါနယ်မြေတွေမှာ ခွန်ကဲန်ခရိုင် မဲဆန္ဒနယ်မြေ ၃၊ လမ်းပန်းခရိုင် မဲဆန္ဒနယ်မြေ ၂၊ ချွန်းပူးရီးခရိုင် မဲဆန္ဒနယ်မြေ ၁၊ မဟာဆာရခန်းခရိုင် မဲဆန္ဒနယ်မြေ ၁၊ နခွန်းရာ့ချ်ဆီမားခရိုင် မဲဆန္ဒနယ်မြေ ၁၃၊ ချိုင်းနတ်ခရိုင် မဲဆန္ဒနယ်မြေ ၁၊ စမွတ်ပရကန်ခရိုင် မဲဆန္ဒနယ်မြေ ၆၊ တာ့ခ်ခရိုင် မဲဆန္ဒနယ်မြေ ၁၊ ဆရပူရီခရိုင် မဲဆန္ဒနယ်မြေ ၁ နဲ့ စူရတ်ဌာနီခရိုင် မဲဆန္ဒနယ်မြေ ၁ တို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဗိုလ်မှူး ဖားဆကွန်း ဆီရိဖတ်ယားကွန်း ကတော့ မဲရေတွက်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ ကြည့်ရှုစစ်ဆေးပိုင်ခွင့် တိုင်ကြားပိုင်ခွင့် ရှိပေမဲ့ ပြန်လည်ရေတွက်ဖို့ကတော့ ချမှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေအတိုင်း အဆင့်လိုက် လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သံသယဖြစ်တဲ့ မဲရုံမှာ ပြဿနာအခြေအနေ၊ ဖြစ်ပွားချိန်၊ ဖြစ်ပွားနေရာ၊ သံသယရှိတဲ့အချက် စတာတွေကို ခိုင်လုံတဲ့ သက်သေတွေနဲ့ တင်ပြရမှာဖြစ်တယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာမှာ ၂ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တင်ပြပြီး ပြန်လည်ရေတွက်နိုင်ကြောင်း ပြောပါတယ်။

Source: Nation TV / MatichonTV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013