
ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအပြောင်းအလဲနောက်မှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ ထိုင်းရောက် မြန်မာတွေရဲ့ အရေးကိစ္စက သတိထားစောင့်ကြည့်ဖို့ လိုကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ရွေးကောက်ပွဲအနိုင်ရ အစိုးရအဖွဲ့အသစ်တွေကြားမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စကတော့ စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကနေ လက်ရှိဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းရဲ့ ဖုမ်းကျိုင်းထိုင်းပါတီကပဲ အနိုင်ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့တရပ် ပေါ်ပေါက်လာနိုင်တဲ့အပေါ် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကလည်း ပြောင်းလဲလာနိုင်ခြေရှိတာ ဖြစ်ပါတယ်။
AAC အဖွဲ့မှ ကိုရဲမင်းက “ထိုင်းနိုင်ငံရေး အပြောင်းအလဲမှာ ရိုက်ခတ်မှုတွေရှိနေတယ်။ သူတို့နိုင်ငံရေးမှာ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အချိန်မှာ ကိုယ့်နိုင်ငံသားတွေကတော့ အရင်ကထက် ပိုပြီးတော့ စည်းကမ်းတကျ နေထိုင်ကြဖို့ နေထိုင်ပြဖို့ ပိုပြီးတော့ အထူးလိုအပ်ပြီပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဘာတွေ မူဝါဒအသစ်တွေ ထွက်ဦးမလဲဆိုတာ မသိရဘူးလေ။ ကိုယ်တွေက အခြေအနေကို စောင့်ကြည့်နေရုံပဲ တတ်နိုင်မယ်။ သူ့နိုင်ငံ သူ့စည်းမျဉ်းဥပဒေ တက်လာတဲ့အစိုးရရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို လိုက်နာပြီးတော့ ကျနော်တို့ နေထိုင်သွားကြရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စက်ရုံ အလုပ်ရုံတွေ အကျိုးစီးပွားတွေ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီ အလုပ်လုပ်နေတဲ့အတွက် ဒီလုပ်သားထုရဲ့ အရေးကိစ္စကလည်း ထိုင်းအစိုးရအနေနဲ့က အမြဲတမ်း လုပ်ကိုင်ပေးနေတာ ဖြစ်တဲ့အတွက် သူတို့ ဘယ်လိုမူဝါဒတွေနဲ့ လုပ်ဆောင်မယ်ဆိုတာ မသိရသေးတော့ ကျနော့်အနေနဲ့ ပြောဖို့တော့ မရှိပါဘူး၊ ပြောဖို့ခက်ပါတယ်၊ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စာရွက်စာတမ်း အစစ်အဆေးတွေ တင်းကျပ်လာနိုင်တာ၊ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်စစ်ဆေးလာနိုင်တာနဲ့ ဥပဒေချိုးဖောက်မှုတွေကို အရေးယူတာ ပိုမြန်လာနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်ကြောင်း လေ့လာသူတွေကလည်း သတိပေးနေကြပါတယ်။
အမျိုးသားရေးနဲ့ နိုင်ငံလုံခြုံရေးကို ဦးစားပေးပြီး တခြားနိုင်ငံတွေရဲ့ ကိစ္စတွေကိုတော့ ပြည်တွင်းရေးလို့သာ လက်ခံထားတဲ့ လက်ရှိအာဏာရပါတီပဲ အနိုင်ရလာတဲ့အပေါ်မှာ ထိုင်းရောက်မြန်မာတွေ သတိထားနေထိုင်ကြဖို့ လိုတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ (ISP Myanmar ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ကျနော် မြင်တာတခုက ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခက အချိန်တစုံတရာအထိတော့ တင်းမာတာတွေ ရှိဦးမယ်လို့ ထင်တယ်။ ဒီတော့ ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယား အလုပ်သမားတွေ မရနိုင်သေးဘူး၊ မရနိုင်တော့ မြန်မာအလုပ်သမားတွေကို ပိုသုံးဖို့လိုတာပေါ့။ ဒီအခြေအနေတွေကြောင့် မြန်မာလုပ်သားတွေ ဆက်ပြီးလိုအပ်နေမယ်လို့ ထင်ပါတယ်။ သူတို့မူဝါဒတွေအရတော့ ဒီကြားထဲ လက်ရှိကြုံနေရသလို crack down လို တခါတလေ ဖမ်းတာဆီးတာ ရှိနိုင်ပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲကာလအတွင်းမှာပဲ အမျိုးသားရေး ထကြွတဲ့ အသံတွေလည်း ရှိလာတာပေါ့။ အဲဒီအနေအထားမှာတော့ နေတတ်ထိုင်တတ်ရှိဖို့တော့ လိုတယ်ထင်ပါတယ်။”
ဒါ့အပြင် လက်ရှိ အာဏာရထားတဲ့ ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးကပဲ ဆက်လက် တာဝန်ယူနိုင်ဖွယ် ရှိတာ ဖြစ်လို့ လာမဲ့ ထိုင်းနိုင်ငံရဲ့ အစိုးရသစ်ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ တက်လာမဲ့ အစိုးရသစ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိလာကြောင်းလည်း သိရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေထဲ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပြီး ၂၀၂၅ နိုဝင်ဘာလအထိ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိထားတဲ့ မြန်မာအလုပ်သမားဟာ ၂ ဒသမ ၉ သန်းကျော်ရှိကြောင်း သိရပါတယ်။
ဝေဝေ


