
စစ်ကောင်စီရွေးကောက်ပွဲအပေါ်ပြည်သူတွေရဲ့ သဘောထားအမြင် ကောက်ယူထားတဲ့ True Choice Myanmar စစ်တမ်းရလဒ်တွေကို အမေရိကန်၊ ယူကေ၊ အာဆီယံနဲ့ နိုင်ငံတကာအစိုးရ၊ လွှတ်တော်တွေဆီ ပေးပို့သွားမယ်လို့ စစ်တမ်းကို ဦးဆောင်ကောက်ယူခဲ့တဲ့ Institute of Peace and Federal Democracy တည်ထောင်သူ ဒေါက်တာဆာဆာက ပြောပါတယ်။
စစ်တမ်းကောက်ယူတာကို ၂၀၂၅ ဒီဇင်ဘာ ၈ ရက်က စတင်ခဲ့ပြီး အချိန် တလခွဲအတွင်း ပါဝင်ဖြေဆိုတဲ့ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသား ၃ သိန်းကျော် ရှိခဲ့ပါတယ်။
စစ်တမ်းမှာ စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ အစိုးရဟာ ပြည်သူကို ကိုယ်စားမပြုနိုင်ဘူးလို့ ၉၇ ရာခိုင်နှုန်းကျော်က ဖြေဆိုခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ချိန်မှာလည်း တရားမျှတစွာ မဲပေးနိုင်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
NLD အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ယုံကြည်တယ်လို့ ဖြေဆိုသူ ၉၈ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး တရားမျှတစွာ မဲပေးနိုင်ခဲ့တယ်လို့ ၉၉ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပါတယ်။
Institute of Peace and Federal Democracy တည်ထောင်သူ ဒေါက်တာဆာဆာက “True Choice Myanmar မှာ ပါဝင်တဲ့ လူ ၃ သိန်းကျော်ရဲ့အသံဟာ တကမ္ဘာလုံးကိုသိအောင် ပြောရတော့မှာ ဖြစ်ပါတယ်။ အခု ဝါရှင်တန်ဒီစီမြို့မှာ စပြောပြီ။ မြန်မာနိုင်ငံသားတွေအတွက် TPS ကို ဘာဖြစ်လို့ ပြန်ရုပ်သိမ်းဖို့ ဒီဘက်က အစိုးရက ပြောလာသလဲ ဆိုရင်တော့ မြန်မာနိုင်ငံမှာ တည်ငြိမ်လာတယ်၊ အေးချမ်းလာတယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကိုလည်း တွေ့ရတယ်။ ဆိုတော့ ဒီပြည်သူ့အသံတွေ ပေါ်လာတဲ့အခါကျတော့ ဟုတ်ပြီ၊ ဒီပြည်သူတွေက အိမ်ပြန်လို့ရတာမဟုတ်ဘူး၊ အိမ်ပြန်ဖို့ဆိုရင်တော့ လူသတ်သမားက အိမ်မှာမရှိဖို့လိုတယ်၊ ကျနော်တို့ အိမ်ပြန်လည်း အဲဒီအိမ်ကို ဗုံးလာကြဲမယ်၊ ကျနော်တို့ ပြောနေတာက True Choice Myanmar မှာ ပေါ်လာတဲ့ အချက်အလက်တွေက ယူကေလွှတ်တော်ရော၊ အမေရိကန်လွှတ်တော်ရော အကုန်လုံးပေါ့နော် အိန္ဒိယ၊ ထိုင်း၊ အိမ်နီးချင်းနားချင်း အကုန်လုံးကအစ အကောင်အထည်ဖော်လို့ရတဲ့ ပေါ်လစီတွေ ပေါ်လာလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ပြီး ရွေးကောက်ပွဲအနိုင်ရထားတဲ့ ဗိုလ်ချုပ်မြထွန်းဦး၊ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ အပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ကောင်စီထောက်ခံသူ ၃၀ စာရင်းကိုလည်း စစ်တမ်းရလဒ်တွေနဲ့အတူ နိုင်ငံတကာအစိုးရတွေဆီကို ပေးပို့သွားဖို့ ရှိနေပါတယ်။
ဒေါက်တာဆာဆာက “အတုအယောင်ရွေးကောက်ပွဲမှာ အရွေးခံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလည်း ကြည့်ရအောင်။ ဒီမှာ လူ ၃၀ အကြောင်းကို ကျနော်ရေးထားတယ်။ ဒါကလည်း အချက်အလက်နဲ့တကွပေါ့။ ဥပမာ ဗိုလ်ချုပ်မြထွန်းဦးဆိုရင် သူတို့ ဘယ်လိုပဲ ပြောနေစေကာမူ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပြည်သူလူထု ၇,၀၀၀ ကျော်ကို သတ်ခဲ့တယ်။ သတ်ခဲ့တဲ့အထဲမှာ သူတို့အကုန်လုံးပါတယ်။ လူ ၅ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီ၊ ၂၁ သန်းနီးပါးဟာ စားစရာမရှိတော့ဘူး၊ ဒီလူတွေကြောင့်နော် ၅ နှစ်အတွင်းမှာ၊ မြန်မာနိုင်ငံလူဦးရေ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းနီးပါးဟာ အခုဆိုရင် ဆင်းရဲနွမ်းပါးမှုအောက်မှာ ရောက်ပြီ။ ဒီလို ကျနော်တို့ကို သတ်ဖြတ်နေတဲ့လူတွေက ဘယ်လိုနဲ့ ကျနော်တို့အစိုးရ လုပ်မလဲ။ ICJ မှာ ICC မှာ အမှုတွေ ရင်ဆိုင်နေရတယ်။ ဒီဗိုလ်ချုပ်တွေက ဘယ်လိုနဲ့ ဒီ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတထရမ့်ပ် အစိုးရနဲ့ ချိတ်ဆက်ရမလဲ” လို့ ပြောပါတယ်။
စစ်တမ်းမှာ မေးခွန်း ၇ ခု ပါဝင်ပြီး ပါဝင်ဖြေဆိုသူတွေရဲ့ လုံခြုံရေးကို True Choice Myanmar က အာမခံချက် ပေးထားပါတယ်။
စစ်တပ်ထိန်းချုပ်မှုအောက်မှာ ဘယ်လိုရွေးကောက်ပွဲမျိုးကိုမဆို မကျင်းပသင့်ဘူးလို့လည်း စစ်တမ်းမှာ ပါဝင်သူ ၉၇ ရာခိုင်နှုန်းကျော်က ဖြေဆိုပါတယ်။
ပြည်ပရောက်နေသူတွေထဲက ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရလက်အောက်မှာ မြန်မာနိုင်ငံကိုပြန်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံအေးချမ်းဘေးကင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအစိုးရလက်ထက် ရောက်ချိန်ဆိုရင်တော့ ပြန်လာမယ်လို့ ၉၂ ရာခိုင်နှုန်းကျော်က ဖြေဆိုထားပါတယ်။
သုတချမ်းသာ


