Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး
DVB
·
February 10, 2026

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ဒမငယ်ရွာမှာ တပ်စွဲနေကြတဲ့ စစ်သားတွေက အဲဒီ ဒမငယ်ရွာရဲ့ တဆက်တစပ်တည်း လမ်းပေါ်မှာရှိကြတဲ့ အိမ်သုံးဆယ်၊ ဘန်ကောက်တန်းနဲ့ ကျောက်ကုန်းတာခွရွာတွေက အိမ်တွေနဲ့ လမ်းဘေးစျေးဆိုင်ခန်းတွေကို မီးရှို့သွားကြတာပါ” လို့ ပြောပါတယ်။

​အဆိုပါကျေးရွာတွေဟာ နတ်တလင်းမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး ဒမငယ်ကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် တောင်ညိုရဲစခန်းက စစ်ကောင်စီလက်အောက်ခံတွေနဲ့ မင်းဘူးကျွန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေ ပေါင်းပြီး စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

နတ်စစ်သည်အဖွဲ့ တာဝန်ခံ ကိုအောင်က “အိမ်သုံးဆယ်ရွာကတော့ မီးလောင်ပျက်စီးတာ အိမ် ၅ လုံးနဲ့ ၁၀ လုံးကြားနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေလည်း မီးလောင်ခံရတယ်။ ကျောက်ကုန်းတာခွကတော့ ဆိုင်ခန်း ၇ ခန်းလောက် မီးလောင်သွားတယ်လို့ သိရတယ်။ ဘန်ကောက်တန်းရွာက ပျက်စီးတဲ့အခြေအနေတော့ မသိရသေးဘူး။ ကျန်ခဲ့တဲ့ ၂ ​လလောက် ဒမငယ်ရွာနဲ့ ညောင်တိုရွာတွေမှာ စစ်တပ်ဘက်က အထိုင်လာချပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက စစ်ဘေးရှောင်နေကြရတာပါ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နတ်တလင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ လေကြောင်းပစ်ကူတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို အခုရက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခု ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒမငယ်ကျေးရွာနဲ့ ငုတ်တိုကျေးရွာတွေမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို ဆက်လက် ဝင်ရောက်လာတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၆ ယောက် ကျဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013