
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအခြေစိုက် ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးဝန်းကျင် ကျေးရွာတွေကနေ အကြိမ်ကြိမ် ရိက္ခာလုယူနေတာကြောင့် ရွာသားတွေနေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နဘူးတောရွာသားတယောက်က “ကနဦးဆုံးက ဖေဖော်ဝါရီ ၅ ရက်က ရွှေတောင်ဦးကုန်းကနေ စစ်ကားတွေနဲ့ နဘူးတောရွာကို အရင်ဆုံးဝင်ရောက် ရိက္ခာလုယူတယ်။ စစ်ကြောင်းလာရင်တော့ ကျနော်တို့ဒေသခံတွေ အကုန်ထွက်ပြေးကြရတာပေါ့ဗျာ။ သူတို့ ရွာကနေ ဆန်၊ ဆီနဲ့ ကောက်ပဲသီးနှံ အပါအဝင် တွေ့သမျှ ပစ္စည်းတွေကို ကားနဲ့တင်ပြီး ဘန့်ဘွေးပျူရွာကို သယ်သွားတယ်ဗျ” လို့ ပြောပါတယ်။
ဘန့်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေဟာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းကလည်း ဘန့်ဘွေးပျူရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ထန်းဇင်ရွာဘက်ကို စစ်ကြောင်းထိုးပြီး ရိက္ခာလုယူတာတွေ ထပ်မံပြုလုပ်တယ်လို့လည်း သိရပါတယ်။
ထန်းဇင်ရွာက စစ်ဘေးရှောင် ရွာသားတယောက်က “ကျနော်တို့ ထန်းဇင်ရွာဘက်ကနေ မယ်ဇောတောတိုက်၊ သံပုရာပင်ရိုးနဲ့ ကျွန်းတောပြင် စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ရိက္ခာလုယူတာတွေ ပြုလုပ်သွားတယ်ဗျ။ စစ်ကြောင်းလာလို့ အကုန်ထွက်ပြေးကြရတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့ ထန်းဇင်ရွာ၊ မဇောတောတိုက်၊ သံပုရာပင်ရိုးနဲ့ ကျွန်းတောပြင် စတဲ့ကျေးရွာက ပြည်သူတွေဟာ ဘန့်ဘွေးပျူရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးရန်ကို ကြောက်လို့ ကျေးရွာအတွင်း မနေရဲကြဘဲ ယာတောတွေအတွင်း တဲထိုး စစ်ရှောင်နေကြရတာ ၅ နှစ်နီးပါးအထိ ရှိနေပြီဖြစ်ပြီး အခုလည်း ဒေသခံတွေ စစ်ရှောင်ရာနေရာကို ထပ်မံ လာရောက်ရိက္ခာလုယူတာလည်း ဖြစ်ပါတယ်။


