
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေကို မြေပြင်စစ်ရေးအရ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး ဖေဖော်ဝါရီ ၆ ရက်ကစ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့က ဖရူဆို-ထားလဲ လမ်းမကြီးပေါ်နဲ့ နန်းဖဲကျေးရွာဘက်ကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ပြည်သူတွေ အသုံးပြု သွားလာနေတဲ့ လမ်းကြောင်းတွေနဲ့ နီးစပ်နေလို့ လုံခြုံရေးကို အလေးထားပြီး အသုံးပြုသွားလာတာ မလုပ်ဖို့ အထူးမေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
KNDF ပြန်ကြားရေးတာဝန်ရှိသူက “ဖရူဆို-ထားလဲ လမ်းတလျှောက်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီ စစ်ကြောင်းထိုးနေတာ ဖြစ်တယ်။ အခုချိန်မှာ စစ်ကောင်စီက လမ်းမကြီးပေါ် ပိုပြီး ရှေ့တိုးလာတယ်၊ ဘောလခဲဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ရှိတယ်၊ ဖရူဆိုဘက်ကလည်း စစ်ရေးလှုပ်ရှားမှုရှိတယ်၊ အဓိကတော့ ဖားဆောင်းဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက် ဖရူဆို-ဖားဆောင်းလမ်းကြောင်းကို ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုဖို့ စစ်ကြောင်းထိုးတဲ့ ပုံစံပေါ့၊ အဲဒီလမ်းကြောင်းတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ရေးနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ဒီးမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေကို ဖေဖော်ဝါရီ ၆ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် နှစ်ဝက်လောက်ကစပြီး ကရင်နီပြည်နယ်ထဲက နေရာ ၅ ခုထက်မနည်းကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


