
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ ထပ်မံပြုလုပ်လာတဲ့အတွက် ကျေးရွာတွေက ဒေသခံထောင်ချီပြီး ထပ်မံစစ်ရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလထဲမှာ အင်အား ၂၀၀ ကျော်တဲ့ စစ်ကောင်စီတပ်က ဝက်လက်နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့အတွက် ရှိန်းမကားရွာ အပါအဝင် ကျေးရွာ ၁၈ ရွာက ဒေသခံ ၈,၀၀၀ ကျော် စစ်ရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းက အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်ထွက်သွားခဲ့ပြီး ဒေသခံတွေ ရွာတွေထဲကို ပြန်ဝင်ခင် ဖေဖော်ဝါရီလအစမှာ နောက်ထပ်စစ်ကြောင်း ထပ်ဝင်လာတဲ့အတွက် စစ်ဘေးရှောင် ၂,၀၀၀ ဟာ ထပ်မံစစ်ရှောင်နေရာတာလို့ သိရပါတယ်။
ဝက်လက်မြို့နယ် ပကဖရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက “စစ်တပ်ဘက်က ဝက်လက်နယ်အရှေ့ခြမ်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ထိုးနေတဲ့ အင်အား ၂၀၀ ကျော် စစ်ကြောင်းက အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်ထွက်သွားပြီးတော့ ဒီ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အင်အား ၁၀၀ လောက်နဲ့ နောက်ထပ်စစ်ကြောင်းတကြောင်း ထပ်ဝင်လာနေတယ်။ အဲဒီစစ်ကြောင်းတွေက ဝက်လက်အရှေ့ခြမ်းက ရွာတွေဘက်ကိုပဲ ဝင်နေတာ။ ရှိန်းမကားမှာလည်း ကာလရှည် စစ်ရှောင်တွေ ရှိနေတယ်။ ပြီးတော့ ရှိန်းမကားနဲ့နီးတဲ့ ငသိုက်တောင်တို့၊ ရွာသစ်တို့၊ ရနောင်းတို့လို ရွာတွေကလည်း စစ်ရှောင်နေကြရတယ်။ စစ်ကြောင်းထိုးနေတဲ့ ဝက်လက်အရှေ့ခြမ်းမှာ ဖုန်းလိုင်းတွေပြတ်နေတယ်။ သူတို့စစ်ကြောင်းမှာပါတဲ့ ဂျန်ဘာတွေကြောင့်လား၊ တမင်ဖြတ်ထားတာလားတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာ ၂၀ နီးပါးလောက်က အိမ်ထောင်စုပေါင်း ၁,၈၀၀၊ လူဦးရေ ၁၀,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေဟာ ဝက်လက်မြို့နယ် အနောက်ခြမ်းက ဘေးလွတ်ရာ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ရှိသူတယောက်က “စစ်ဘေးရှောင် ပြည်သူတွေထဲမှာ အရင်စစ်ကြောင်းကတည်းက စစ်ဘေးရှောင်နေရသူတွေက အရေအတွက် ပိုများတယ်။ အဲဒီတုန်းကကို စစ်ဘေးရှောင် ၈,၀၀၀ လောက်ရှိတာ။ အခုချိန်အထိဆို သူတို့တွေ စစ်ဘေးရှောင်နေကြရတာ ၁ လခွဲကျော် ရှိနေပြီ။ အခုလဆန်းပိုင်း စစ်ကြောင်းတွေ ထပ်ဝင်တော့ စစ်ဘေးရှောင် ၂,၀၀၀ ကျော်လောက် တိုးလာတာပါ။ စစ်ဘေးရှောင်တွေအတွက်ကတော့ စားဝတ်နေရေးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်ပေါ့နော်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဟာ စစ်ဘေးရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာတွေ လိုက်လံဝေငှပေးတာတွေ လုပ်ဆောင်နေကြသလို စစ်ဘေးရှောင်တွေ ယာယီနေထိုင်နိုင်ဖို့အတွက် ယာယီတဲနဲ့ အဆောက်အအုံတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ ဝက်လက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသေးပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။


