Home
မြန်မာသတင်း
ဂန့်ဂေါ PDF တပ်ဖွဲ့ဝင် ၁ ဦး စစ်ကောင်စီတပ်နှင့် ပူးပေါင်း
DVB
·
February 5, 2026
Photo: ဂန့်ဂေါခရိုင်တပ်ရင်း ၁၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီထံ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဂန့်ဂေါ ခလရ ၅၀ ဆီကို ပူးပေါင်းသွားတဲ့ ရဲဘော်က ဂန့်ဂေါခရိုင်တပ်ရင်း ၁၄ ကပါ။ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်အထိ ဂန့်ဂေါခရိုင်တပ်ရင်း ၁၄ ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဂန့်ဂေါမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “ဟိုဘက်ကို ပူးပေါင်းသွားတာက ဂန့်ဂေါခရိုင်တပ်ရင်း ၁၄ က ရဲဘော် အကြီးကောင်တဲ့။ နာမည်အရင်းကတော့ ကျော်မင်းလှိုင်ပါ။ နောက်ပြီး သူက ရန်ကုန်ဇာတိ​ဖြစ်ပြီးတော့ တော်လှန်ရေးအစကတည်းက ပါလာသူလည်း ဖြစ်တယ်။ လက်ရှိ ဂန့်ဂေါ-ဟားခါး လမ်းဆုံမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေရင်း စစ်တပ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းသွားတာလို့ သိရတယ်။ သူ့မိသားစု ပါ မပါ ဆိုတာကတော့ အတည်မပြုနိုင်သေးသလို သူ ဘာကြောင့် အဲ့လို ပူးပေါင်းသွားတာလဲ ဆိုတာလည်း မသိရသေးပါဘူး” လို့ ပြောပါတယ်။

တော်လှန်ရေးကာလအစကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဂန့်ဂေါခရိုင်ပကဖနဲ့ တပ်ရင်း တပ်ဖွဲ့တွေဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ဟာ စစ်ကောင်စီတပ်ဘက်ကို ပူးပေါင်းသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စန်းမြို့ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013