
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်၊ ညနေ ၃ နာရီဝန်းကျင်လောက်မှာ အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့က လမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဂိတ်ကိုသွားပစ်တာ။ စကစဘက်က ဂိတ်မှာထိုင်နေတဲ့ တပ်သားတဦးထိပြီး တဦးဒဏ်ရာရတယ်။ နောက်တဦးကတော့ ကျနော်တို့ဘက်က စနိုက်ဘာနဲ့ ပစ်ထည့်လိုက်တယ်။”
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီး တယောက်ထိခိုက်ဒဏ်ရာရကာ ဗိုလ်ခရင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းဖိုရွာအနီးနားဝန်းကျင်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ရမ်းဖိုရွာမှာအထိုင်ချထားပြီး အနီးအနားဝန်းကျင်မှာ ကာကင်းအနေနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။


