
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ရပ်ကွက် ၃ ခုကို ထပ်မံသိမ်းပိုက်လိုက်ပြီး မြို့တဝက်ကျော်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားကာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ဗန်းမောက်မှာ ရပ်ကွက် ၄ ခုရှိတဲ့အထဲက မြနန္ဒာ၊ လွှစင်ကုန်းနဲ့ မြို့မရပ်ကွက်တွေကို စစ်ကောင်စီနဲ့ ရှမ်းနီ (SNA) တပ်တွေက ပြန်လည်သိမ်းယူသွားပြီး အောင်သာကုန်းပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးသတင်းအရင်းအမြစ်က “ဗန်းမောက်မြို့ တဝက်ကျော်လောက် ပါသွားပြီ။ အဓိက ရပ်ကွက် ၄ ခုရှိတာ ရပ်ကွက် ၃ ခု ပါသွားပြီ။ လက်ရှိ တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေတယ်။ စစ်ဆိုင်ထားတဲ့ အနေအထားပါ။ မြို့ခံတွေကတော့ တိုက်ပွဲစဖြစ်ကတည်းက ရှောင်တိမ်းနေကြတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းမှာ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံအား ထိန်းချုပ်လိုက်ပြီးနောက် မြို့ရဲ့ ရပ်ကွက် ၃ ခုကို ထိန်းချုပ်လိုက်တာလည်း ဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ NUG ရဲ့ အမှတ် ၁ စစ်ဒေသက ဦးဆောင်မှုနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း မြို့နဲ့ ၃ မိုင်ဝန်းကျင်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေခဲ့ပါတယ်။
တိုက်ပွဲတွေ ၄ လနီးပါးကြာ ဖြစ်ပွားနေပြီးနောက် မြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လာတာ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း၊ ဟုမ္မလင်းနဲ့ မန္တလေးဘက်ကို စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။


