
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ Kawlin Revolution - KR ဆီကနေ သိရပါတယ်။
ဝန်းသိုမြို့နယ်အခြေစိုက် ခမရ ၁၂၀ တပ်က တပ်ကြပ်ကြီး ထူးထူးနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
Kawlin Revolution - KR ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အဲဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ နယ်မြေခံရဲဘော်တွေ လုံခြုံရေးကင်းလှည့်ရင်းနဲ့ ကောလင်းမြို့ရဲ့ အနောက်ဘက် ကျောက္ကာရွာနားမှာ ဖမ်းမိခဲ့တာဖြစ်ပြီးတော့ လက်နက်တွေ ဘာတွေ သိမ်းဆည်းရရှိတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ကောလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကောလင်းနယ်ထဲကို ဝန်းသိုအခြေစိုက် ခမရ ၁၁၁ နဲ့ ၁၂၀ တပ်တွေက အင်အား ၁၅၀ ကျော်ပါတဲ့ မြေပြင် စစ်ကြောင်းထိုးနေတာ ရှိတယ်။ အဲဒီလူက အဲဒီစစ်ကြောင်းထဲက ပါလာသူပါ။ သူ့ကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ စစ်ဆေးတာတွေ ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကောလင်းမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ကူပေးပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကောလင်းမြို့နယ်ထဲမှာရှိကြတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးတိုက်တွန်းပါတယ်။


