
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဓညဝတီဌာနချုပ် အနီးရှိ စိုင်ခြုံဒွိန်ကျေးရွာကို ဖေဖော်ဝါရီ ၉ ရက် မနက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတခု လာရောက်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်နဲ့ ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန်ရွာကို ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီ စစ်ကြောင်းတခုက လာပြီး မီးရှို့သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်တပ်စစ်ကြောင်းတခုက လာပြီး မီးတိုက်သွားပါတယ်။ ရွာမှာရှိနေတဲ့ လူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဓညဝတီရေတပ်ဌာနချုပ် ပတ်ဝန်းကျင်မှာ စစ်ကြောင်းထိုး လှည့်လည်နေတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းလို့ သိရပါတယ်။
ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က “ကျနော်တို့ ငလပွေ့သင်္ဘောဆိပ်ကမ်းက ကြည့်လို့ မြင်ရတယ် မီးလောင်နေတယ်၊ တချို့ရွာသားတွေ မြို့ဘက် ထွက်ပြေးလာကြတယ်” လို့ ပြောပါတယ်။
စိုင်ခြုံဒွိန်ကျေးရွာကို တောင်ရင်း၊ သရက်ပင်အောက်၊ တောင်မော် စတာတွေနဲ့ ကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်းထားပါတယ်။
ဘုန်းတော်ကြီးကျောင်းပါမကျန် မီးရှို့ခံရတဲ့အတွက် ကျေးရွာသားတွေဟာ လက်ရှိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့က ကျောက်ဖြူမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမှာ စစ်ကောင်စီစစ်ကြောင်း အကျဆုံးများနေတာကြောင့် ဖေဖော်ဝါရီ ၇ ရက်မှာ အင်အား ၄၀၀ ကျော် ထပ်မံဖြည့်တင်းထားရပြီး အဓိက ဓညဝတီရေတပ်ဌာနချုပ်ကို နေ့ရောညပါ စစ်ကြောင်းထိုး ကာကွယ်နေရချိန် အနီးအနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။


