
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်က မိုင်း ၃ လုံး ပေါက်ကွဲပြီး ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ပွဲဖြစ်နေတဲ့ ထုံးဘိုဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ဖားကန့်မြို့နယ်ဘက်ကို စစ်ကောင်စီက ကာမိုင်းလမ်းကနေ ရိက္ခာနဲ့ လက်နက် ထောက်ပို့ယာဉ်တန်း ဝင်လာပြီးတဲ့နောက် နေ့လယ်ပိုင်းမှာ မိုင်း ၃ လုံး တပြိုင်တည်းဆွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒေသခံအမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒီနေ့ စစ်ကောင်စီက ရိက္ခာနဲ့ လက်နက် ထောက်ပို့ကားတွေ ကာမိုင်းလမ်းကနေ ဖားကန့်ကို ဝင်လာတယ်။ နေ့လယ်ရောက်တော့ မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ တပြိုင်တည်းနီးပါး ၃ လုံးဆွဲတယ်။ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ လမ်းမကြီး တကြောမှာပေါ့။ အရပ်သား ၃ ဦးနဲ့ ကားတစီး ထိသွားတယ်” လို့ DVB ကို ပြောပါတယ်။
ဖားကန့်မြို့နယ်၊ မှော်စီစာ Sky ဟိုတယ်အနီး အောင်သာယာကျေးရွာ အတက်လမ်းခွဲမှာ မိုင်း ၂ လုံးကွဲပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက် ဒဏ်ရာရသလို လုံးခင်းဘက်ကနေ မှော်စီစာကို အဝင်မှာ မိုင်းတလုံးကွဲတာကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ယောက် စိုးရိမ်ရဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မိုင်းဆွဲခံရပြီး မိနစ် ၄၀ လောက်မှာတော့ လေယာဉ်လာတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ ထုံးဘိုဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးတလုံးကြဲတယ်။ ပြီးတော့ စက်သေနတ်နဲ့ ပစ်သွားတယ်။ အထိအခိုက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တတိယပိုင်းပြီးနောက် ဖားကန့်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်အထိ ရှိလာနေပြီလို့လည်း သိရပါတယ်။


