မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မြိုင်မြို့နယ်ရဲ့ အရှေတောင်ဘက်ခြမ်းမှာရှိတဲ့ ညောင်အုပ်ရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးသွားခဲ့တာပါ” လို့ ပြောပါတယ်။
ညောင်အုပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲသွားတဲ့ လေယာဥ်တွေဟာ MIG 29 Fighter Jet အမျိုးအစားတွေဖြစ်ပြီး တံတားဦးလေတပ်က တက်လာတာလို့လည်း ဆိုပါတယ်။
မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံ ကိုဒေါင်းမင်းက “ညောင်အုပ်ရွာမှာ တိုက်ပွဲတွေ၊ တော်လှန်ရေးစခန်းတွေ မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ ည ၁၀ နာရီလောက်မှာ တကြိမ်၊ ၁၀ နာရီ ၁၅ လောက်မှာ တကြိမ်၊ ပေါင် ၂၅၀ ဗုံးတွေနဲ့ ကြဲသွားတာပါ။ ပထမတစီး ကြဲသွားတဲ့အလုံးက ရွာရဲ့အနောက်ဘက်နားကျတော့ ရွာခံတွေ ထွက်ပြေးချိန်မှာ နောက်တစီးက ဘုန်းကြီးကျောင်းပေါ်ကို ကြဲသွားတာပါ။ သံဃာတွေနဲ့ ပြည်သူတွေ ရှောင်တိမ်းချိန်ရလိုက်လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဘုန်းကြီးကျောင်းဆောင်တွေကတော့ ပျက်စီးကုန်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အတွင်း ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဥ်နဲ့အမျှ ပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးနေကြရတာလို့လည်း သူက ဆက်ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကြိုတင်ကာကွယ်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းရန်အန္တရာယ် သတိပေးချက်တွေကို အတိအကျ လိုက်နာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆက်မပြတ် တိုက်တွန်းပေးနေတယ်လို့ သိရပါတယ်။







