ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က စကခ ၁၅ နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီ ၂၉ မိနစ်ကနေ ည ၉ နာရီ ၁၀ မိနစ်အတွင်း ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံး ၃ လုံး လာရောက်ကြဲချသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“ဗုံးက ပေါင် ၅၀၀ အဆင့်ရှိမယ်ထင်တယ်။ အသံတွေ တအားအကျယ်ကြီးကြားရတယ်။ အကုန်လုံး စကခ ၁၅ ဘက်ချသွားတာပါ။”
အဲဒီလို ဗုံးကြဲတာကြောင့် စကခ ၁၅ ပတ်ဝန်းကျင်နဲ့ မြို့ပေါ်နေသူတွေ စိုးရိမ်ထိတ်လန့်ကြရပြီး တချို့ကတော့ ညတွင်းချင်း တိမ်းရှောင်သွားကြပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ညပိုင်းမှာပဲ မောင်တောမြို့၊ ရပ်ကွက် ၂ မှာ မီးလောင်လို့ ဒေသခံနေ အိမ် ၂ လုံး မီးလောင်ပျက်စီးသွားပါတယ်။
ဒေသခံတယောက်က “ည ၉ နာရီကျော်မှာ မီးလောင်သွားတာပါ။ ဘာဖြစ်လဲတော့မသိဘူး။ ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ ခဏနေတော့ မီးရောင်တက်လာတယ်” လို့ပြောပါတယ်။
အိမ်ရှင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်ဘေးရှောင်နေကြပြီး အိမ်မှာ လူမရှိဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။






