မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ကျောင်းသူ ၂ ယောက် အပါအဝင် အမျိုးသမီး ၅ ယောက် သေဆုံးကာ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကြီးက “ယောဒေသ ဆောမြို့နယ်ထဲမှာရှိတဲ့ ကျောက်ထုမြို့ရဲ့မြောက်ဘက် ၅ မိုင်လောက်အကွာ ကျောက်ထုတိုက်နယ်ထဲက မိအယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲသွားလို့ ကျောင်းသူ ၂ ယောက်နဲ့ အရပ်သား အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၅ ယောက်တို့ဟာ နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိပါသေးတယ်။ နေအိမ် ၃ လုံး ပျက်စီးပြီးတော့ တလုံးကတော့ လုံးဝ မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် Grade 3 ကျောင်းသူတယောက်၊ အသက် ၁၃ နှစ်အရွယ် Grade 8 ကျောင်းသူတယောက်နဲ့ အရပ်သားပြည်သူတွေ ဖြစ်ကြတဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသမီးတယောက်၊ အသက် ၄၀ ကျော် အမျိုးသမီးတယောက်၊ အသက် ၅၀ ကျော် အမျိုးသမီးတယောက်တို့ဟာ နေရာမှာတင် သေဆုံးခဲ့ကြရသလို အသက် ၅၀ ကျော် အမျိုးသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ မိအယ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်သွားတဲ့ ဂျက်ဖိုက်တာလေယာဥ်ဟာ မကွေးလေတပ်ကနေ တက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆောမြို့နယ် ပကဖ တာဝန်ရှိသူက “ညနေ ၄ နာရီလောက်မှာ ကျောက်ထု ၃၆၈ အမြောက်တပ်ထဲကနေ UAV ကင်းထောက်ဒရုန်း တစီးနဲ့ ကျောက်ထုတိုက်နယ်ထဲကို ကင်းထောက်ပြီးတော့မှ ညနေ ၅ နာရီလောက်မှာ ဂျက်ဖိုက်တာလာပြီး မိအယ်ရွာပေါ် တည့်တည့်ကို ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကြဲသွားတာ ဖြစ်ပါတယ်။ အဲဒီ မိအယ်ရွာမှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ကျနော်တို့ဘက်က တော်လှန်ရေး အထိုင်စခန်းတွေလည်း မရှိပါဘဲနဲ့ စစ်တပ်က ပြည်သူကိုသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ယောဒေသထဲကို လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့လို့ ပြည်သူ ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
ယောဒေသအတွင်းမှာရှိကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ် အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး တိုက်တွန်းထားပါတယ်။










