
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာအနီးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီမှာ လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲချလို့ ခရီးသွားဧည့်သည် အမျိုးသား ၄ ယောက် ကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဒေသခံ ပြည်သူတယောက်က “ရွာအနီးက သရက်ခြံမြောက်ဘက် ခြံစည်းရိုးဘေး တောင်ဘက်ကို တလုံး၊ မြောက်ဘက်ကို တလုံး စုစုပေါင်း ဗုံးသီး ၂ လုံး ကြဲချသွားတာ။ နမခတက် စက်တပ်လေထီးက ကြဲချသွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲချရာနေရာဟာ လူစည်ကားပြီး ထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စတားလင့်ဆိုင်တွေသာ ရှိတယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက “စစ်ရေးပစ်မှတ်ကတော့ ဘာမှမရှိပါဘူး။ လူစည်ကားတာကို စကစဘက်က မနာလိုတာ နေမှာပေါ့ဗျာ။ အခုဟာက ထိမ်ကြီးထမင်းဆိုင်နဲ့ စတားလင့်ဆိုင်ကို ကြဲချသွားတာ။ ပြည်သူအထိအခိုက်က ကားသမား ၄ ဦး ထိခိုက်ဒဏ်ရာရသလို လူနေအိမ်နဲ့ ဈေးဆိုင်တချို့လည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
အဆိုပါ ဒဏ်ရာရရှိတဲ့ ၄ ယောက်ထဲမှာ ဆေးကုသဖို့ ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေရင်း တယောက်သေဆုံးတယ်လို့ သတင်းထွက်နေပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


