မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ယောက် ဒဏ်ရာရပြီး လူနေအိမ်တချို့နဲ့ လျှပ်စစ်မီးကြိုးတွေပြတ်တောက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ညနေ ၄ နာရီခွဲပြီးလောက်မှာ မြိုင်မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ ရွာသစ်ကြီးရွာကို ဂျက်ဖိုက်တာက ဗုံး ၂ လုံးကြဲသွားတာပါ။ ဒေသခံပြည်သူ ၃ ယောက် ဒဏ်ရာရပြီးတော့ လူနေအိမ်တချို့နဲ့ လျှပ်စစ်မီးကြိုးတွေပြတ်တောက်ပျက်စီးကုန်ပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲချသွားတဲ့ K8 W အမျိုးအစား ဂျက်ဖိုက်တာလေယာဉ်ဟာ တံတားဦးလေတပ်က တက်လာတာဖြစ်ပြီး ရွာသစ်ကြီးကျေးရွာကို အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့လည်း ဆိုပါတယ်။
မြိုင်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်အဏ္ဏဝါ က “ဗုံးကြဲခံရတဲ့ ရွာသစ်ကြီးရွာက ရွာခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရတယ်။ အိမ် ၁ လုံးကတော့ လုံးလုံးပျက်စီးသွားတယ်။ ဘေးအိမ်တွေကတော့ ပျက်စီးတာနည်းတယ်။ တိုက်ပွဲတွေ၊ ကျနော်တို့ဘက်က အထိုင်စခန်းတွေရှိတာမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ကြီးကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကို ကြိုတင်ကာကွယ်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းရန်အန္တရာယ်သတိပေးချက်တွေကို အတိအကျလိုက်နာကြဖို့ အထူးလိုအပ်နေတယ် လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းနဲ့ ညပိုင်းကလည်း မြိုင်မြို့နယ်ထဲက မြောက်ဆည်ကျေးရွာနဲ့ နဂါးဗွက်ကျေးရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါသေးတယ်။






