
မတ်လ ၂ ရက် ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေထဲမှာ လက်ရှိ အချိန်အထိ ကနဦး အတည်ပြုနိုင်သလောက် နိုင်ငံတဝန်း အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ယောက် လွတ်မြောက်လာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ပေါင်းတည်အကျဉ်းထောင်က အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၉ ယောက်၊ သာယာဝတီအကျဉ်းထောင်က အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် ပေါင်း ၃၁ ယောက်၊ ဒိုက်ဦးအကျဉ်းထောင်ကနေ အမျိုသား ၁၀ ယောက် အမျိုးသမီး ၁၆ ယောက် ပေါင်း ၂၆ ယောက်၊ မအူပင်အကျဉ်းထောင်ကနေ အမျိုးသား ၃၈ ယောက်နဲ့ အမျိုးသမီး ၈ ယောက် ပေါင်း ၄၆ ယောက်ပါဝင်ပါတယ်။
ဒါ့အပြင် ကော့သောင်းအကျဉ်းထောင်က ၆ ယောက်၊ ပခုက္ကူအကျဉ်းထောင်က အယောက် ၈၀၊ ကလေးအကျဉ်းထောင်ကနေ ၁၂ ယောက်၊ ပြည်အကျဉ်းထောင်ကနေ ၂၄ ယောက်၊ သထုံအကျဉ်းထောင်ကနေ ၆၁ ယောက် ပါဝင်ပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာ တနင်္သာရီတိုင်း၊ မြိတ်မြို့ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် ပေါင်း ၂၉ ယောက် လွတ်မြောက်လာတယ်လို့ အကျဥ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။
အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား/သူတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး ခံဝန်နဲ့ လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၂(က) နဲ့ မတရားပြစ်ဒဏ်ခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုလည်း ထပ်မံလွှတ်ပေးဖို့ ရှိနေတာကြောင့် အကျဥ်းထောင်ရှေ့မှာ လူ ၂၀၀ ကျော်ခန့် စောင့်နေကြတယ်လို့ သိရပါတယ်။
အကျဥ်းသားမိသားစုဝင်တယောက်က “နောက်ထပ်လွှတ်မဲ့သူလည်း ရှိသေးလို့ မိသားစုဝင်တွေကလည်း စောင့်နေကြတယ်။ ထောင်ရှေ့လမ်းတလျှောက်လုံးပဲ” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာဖြစ်ပါတယ်။
ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။


