
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းရွာကားဂိတ် လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရခိုင်စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်ရဲ့ ဖခင်ဖြစ်သူဟာ မတ် ၁ ရက်နေ့မှာပဲ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
စစ်တပ်လေကြောင်းဗုံးကြဲခံရမှုကြောင့် ဦးဝင်းမြင့်ရဲ့ ဖခင်ဖြစ်သူဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသွားတဲ့အချိန် လမ်းမှာတင် သေဆုံးခဲ့တာဖြစ်ပြီး ဒီကနေ့အထိဆိုရင် သေဆုံးသူ ၂၆ ယောက်အထိ ထပ်တိုးလာနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက် မနက်ပိုင်းက ပြောင်းရွာအနီး ကုန်ကားတွေ ရပ်နားထားတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း မင်းတုန်းကနေ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်ယူဖို့ လုပ်နေကြတဲ့ ရခိုင်က ကုန်သည်တွေ၊ ကားသမားတွေ အပါအဝင် ၂၅ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကုန်တင်ကားတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တန်းတွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် ပြင်းထန်ဒဏ်ရာရရှိသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနေရာမှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတယောက် ဖြစ်ပါတယ်။
ကေခိုင်


