Home
မြန်မာသတင်း
မင်းတုန်း၊ ပြောင်းရွာကုန်သည်ဂိတ် လေကြောင်းတိုက်ခိုက်ခံရမှု၌ ပျောက်ဆုံးသူများ ရှိနေဆဲ
DVB
·
March 2, 2026

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းရွာကုန်သည်ဂိတ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅ ယောက် အစုလိုက် သေဆုံးခဲ့တဲ့အပြင် ပျောက်ဆုံးသူတွေ ရှိနေဆဲဖြစ်လို့ မိသားစုဝင်တွေ အပူတပြင်း ရှာဖွေနေကြပါတယ်။

မတ် ၁ ရက်က ဖြစ်ခဲ့တဲ့ မင်းတုန်းမြို့နယ်၊ ပြောင်းရွာကုန်သည်ကားဂိတ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ တူနဲ့ တူမဖြစ်သူကို မတ် ၂ ရက်အထိ ပြန်မတွေ့သေးဘူးလို့ မိသားစုဝင်တယောက်ဖြစ်တဲ့ ကိုကျော် (အမည်လွှဲ) က ပြောပါတယ်။

‘’ကျနော့်တူမလေးနဲ့ တူလေးက ခုထိ ရှာလို့မတွေ့သေးဘူး။ တူတွေ၊ တူမတွေက ကားတွေ မီးလောင်တဲ့ အလောင်းတွေထဲမှာလည်း ရှာလို့မရသေးဘူး၊ ဒဏ်ရာရတဲ့ထဲမှာ ရှာရင်လည်း ရှာလို့မတွေ့သေးဘူး၊ အဲလိုဖြစ်နေတာ။”

မတ် ၁ ရက် မနက်ပိုင်းက ပြောင်းရွာအနီး ကုန်ကားတွေ ရပ်နားထားတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း မင်းတုန်းကနေ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်ယူဖို့ လုပ်နေကြတဲ့ ရခိုင်က ကုန်သည်တွေ၊ ကားသမားတွေ အပါအဝင် ၂၅ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရက်ကို လုပ်အားခ ၁၀,၀၀၀ ဝန်းကျင်နဲ့ ကုန်ကားဂိတ်မှာ ကုန်တင်ကုန်ချလုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် တူဖြစ်သူနဲ့ အသက် ၂၀ ကျော် တူမဖြစ်သူကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်လို့ ဦးလေးဖြစ်သူကတော့ အခုထိ ရှာဖွေနေဆဲပါ။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးသွားတာလား၊ ဒါမှမဟုတ် မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေထဲမှာပဲ ပါသွားလားဆိုတဲ့ လက်ကျန်မျှော်လင့်ချက်နဲ့ ရှာဖွေနေခဲ့တာလို့ ပြောပါတယ်။

“ကားမီးလောင်ကျွမ်းတဲ့နေရာမှာ ရုပ်အလောင်း ၉ လောင်း တွေ့တယ်။ ဘယ်သူဘယ်ဝါမှန်းတော့ မှန်းလို့မရတော့ဘူး။ မိန်းကလေးလား၊ ယောကျ်ားလေးလားလည်း မသိတော့ဘူး။ ဒါကြောင့် ကျွမ်းသွားတဲ့ ရုပ်အလောင်းထဲမှာပဲ ပါသွားသလား၊ မဟုတ်ဘူးဆိုရင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးပြီးတော့မှာ အဝေးတနေရာကို ထွက်ပြေးပြီး နေတာလားဆိုပြီး အခု ဆက်ရှာနေတာပါ။ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာဆိုတော့ ကျနော်တို့လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး။ ရုပ်အလောင်းကိုလည်း မမြင်ရသေးဘဲ မှန်းလို့လည်းမကျ၊ အဲလို တခြား အဝေးတနေရာမှာ စိုးရိမ်ပူပန်မှုနဲ့ ပြေးပြီးတော့မှ ထမင်းငတ်၊ ဟင်းငတ်၊ ရေငတ် အဲလိုများ နေနေရတာလား၊ မနေ့ကလည်း တနေကုန်ရှာတယ်၊ ခုလည်း ရေစပ်ရှိတဲ့နေရာတွေ၊ ချောင်းဘေးတွေမှာ လိုက်ပြီးမှ ရှာနေတုန်းပါ။”

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၆ ဘီးကား ၁၀ စီးကျော်နဲ့ ဆုံးရှုံးတန်ဖိုး ကျပ်သိန်း ၂၀,၀၀၀ လောက် ပျက်စီးဆုံးရှုံးမှု ရှိနိုင်တယ်ဆိုပြီး ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မကွေးတိုင်းကနေ ရခိုင်ပြည်နယ်ရဲ့ အခြေခံလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းတွေကို မင်းတုန်းဘက်ကနေ တဆင့် ပို့ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ခုလိုလုပ်ရပ်ကြောင့် ဒေသတွင်းမှာလည်း ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သလို ရခိုင်ဘက်မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံလာရနိုင်တယ်လို့ ရခိုင်က ကုန်သည်တယောက်က သုံးသပ် ပြောဆိုပါတယ်။

“ဒီလမ်းကြောင်းက ရခိုင်ကို ကုန်သွယ်နေတဲ့လမ်းကြောင်း ဆိုတာထက်ကို ဒေသတွင်းမှာ ကိုယ်တိုင်က တရွာနဲ့တရွာ ကုန်စည်စီးဆင်းနေတဲ့ လမ်းကြောင်းတခုပါ။ အဲဒီလမ်းကြောင်းက အဆင်မပြေတော့ဘူးဆိုရင် အဲဒီဒေသမှာရှိတဲ့ မကွေးတိုင်းထဲက ရွာတွေကလည်း ကုန်စည်စီးဆင်းမှုက ထိခိုက်နစ်နာသွားနိုင်ပါတယ်။ ခုဖြစ်သွားတဲ့ဖြစ်စဉ်က ဒေသကို တော်တော်လေး ခြိမ်းခြောက်လိုက်တဲ့ အနေအထားတခုပေါ့၊ တော်တော်လေး အကျပ်ရိုက်သွားမယ့် ပုံစံမျိုးပါ။ နောက်တခုက ဒါက ရခိုင်ဘက်ကိုဝင်နေတဲ့ လမ်းကြောင်းတွေထဲက တခုလည်းဖြစ်တယ်။ အဲဒီလမ်းကြောင်းက အဆင်မပြေဘူးဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်လာရမယ်။ နောက်ပြီးတော့ ရခိုင်ဘက်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်မှုကို ကြုံရလာနိုင်တယ်။”

မ‌‌ကွေးတိုင်း၊ မင်းတုန်းမြို့နယ်ဟာ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ တောင်ကုတ်၊ အမ်း မြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ရခိုင်ကို ကုန်ပစ္စည်းတွေ အဓိကတင်သွင်းနေတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013