
ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှာ တရပ်ကွက်ကို လူ ၂ ယောက်နှုန်းနဲ့ စစ်မှုထမ်းခေါ်မယ်ဆိုတဲ့ သတင်းကြောင့် နေရပ်ပြန်လာသူတချို့ ထပ်မံ စစ်ရှောင်နေကြတဲ့အတွက် စစ်တပ်က မြို့အဝင်အထွက်ကို လုံခြုံရေး တင်းကျပ်ထားပါတယ်။
စစ်မှုထမ်းခေါ်မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် ရွေးကောက်ပွဲကာလအတွင်း ဖိအားပေးပြီး နေရပ်ပြန်လာရသူတချို့ဟာ အခုတခါ ထပ်မံပြီး စစ်ရှောင်နေကြရတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ သတ်မှတ်ရက်အတွင်း မဲလာမပေးနိုင်ပါက နေအိမ်တွေကို ချိပ်ပိတ်တာ၊ မီးရှို့တာ စတဲ့ ဖိအားပေး ခေါ်ဆိုမှုတွေကြောင့် လွိုင်ကော်မြို့ခံတချို့ နေရပ်ပြန်လာခဲ့ကြရပါတယ်။
အခု လွိုင်ကော်မြို့မှာ တရပ်ကွက်ကို လူ ၂ ယောက်နှုန်း စစ်မှုထမ်းခေါ်မှာဖြစ်ပြီး စစ်မှုမထမ်းနိုင်ပါက ဒဏ်ငွေ ကျပ် သိန်း ၅၀ ပေးဆောင်ရမယ်ဆိုတဲ့ သတင်းတွေ ပျံ့နေတာကြောင့် စစ်ပြန်ရှောင်နေရတာဖြစ်ကြောင်း မြို့ခံက ပြောပါတယ်။
“တအိမ်ကို ၂ ယောက်နှုန်း မဟုတ်ဘူး။ တရပ်ကွက်လုံးကို ၂ ယောက် မထမ်းမနေရ၊ ပြောရမယ်ဆိုရင် မြို့ပြင်ဘက်ခြမ်းတွေ မြို့ထဲကတော့ ငြိမ်ပါတယ်။ မြို့ထဲမှာက လုံခြုံရေးပတ်တာပဲ ရှိတယ်။ တချို့က ပြန်ပြေးကုန်တယ်။ ကြောက်ပြီးတော့ စစ်မှုထမ်းခေါ်ပြီဆိုတော့ ထွက်ပြေးကုန်တယ်။ နောက် ပြန်ပြေးကြတယ်၊ တောထဲမှာပဲ ပြန်နေမယ်ပေါ့။”
စစ်မှုထမ်းဖို့ အသိပေးစာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ တဆင့် တအိမ်ချင်းဆီ စာပို့ဆင့်ခေါ်တဲ့စနစ်နဲ့ ဆင့်ခေါ်သွားမှာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့မှာ ရပ်ကွက် ၁၃ ခုရှိပြီး တရပ်ကွက်ကို လူ ၂ ယောက်နှုန်းအရဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ် ပြည့်ပြီးသား ပြည်သူ ၂၆ ယောက် စစ်မှုထမ်းသွားရမှာ ဖြစ်ပါတယ်။
လက်ရှိ စစ်မှုထမ်းသတင်းတွေကြောင့် လွိုင်ကော်မြို့ပေါ်ကနေ ထပ်မံစစ်ရှောင်မှုတွေ ရှိလာနေတဲ့ အတွက် မြို့အဝင်အထွက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး အစားအသောက်၊ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေကို မြို့ပြင်ပေးမသယ်ဘူးလို့လည်း လွိုင်ကော်မြို့မှာ ကုန်ပစ္စည်းသွားဝယ်တဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။
“ကျမတို့က လိုအပ်တဲ့ပစ္စည်းလေးတွေကို လွိုင်ကော်မှာ သွားဝယ်ရတာ။ အရင်ကလည်း ဝယ်နေ သွားနေကြပါပဲ။ အခုက ဆိုင်ကယ်မှာ ဆာလာအိတ်တလုံးစာလောက်ပါရင် ပိုက်ဆံတောင်းတယ်၊ မရရင် ပေးမသယ်ဘူး။ အစားအသောက်လည်းမရဘူး၊ လူကြီးတွေအတွက် သောက်ဆေး၊ လိမ်းဆေးလည်း မရဘူး။ အရင်က ပေးမသယ်ရင် အလွန်ဆုံး သုံးလေးရက်ပဲ၊ အခုက ရက်ကြာနေပြီ။ ကျမဆို မနေ့ကသွားတာ၊ ပေးမသယ်လို့ ဒီတိုင်းထားခဲ့ရတယ်။”
စစ်မှုထမ်းဥပဒေ ထွက်ရှိပြီး ၂ နှစ်အတွင်းမှာပဲ စစ်တပ်ဟာ စစ်မှုထမ်းတပ်သား တသိန်းလောက် စုဆောင်းရရှိခဲ့ပြီးတော့ အခု စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် တပ်သားသစ် ခေါ်ယူစုဆောင်းနေ ပါတယ်။
လက်ရှိ ကရင်နီပြည်ဝင်ပေါက်ဖြစ်တဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မော်ချီးကို ပြန်သိမ်းဖို့အတွက် ဖားဆောင်း သံလွင်တံတားနားမှာ စစ်အင်အားတွေ ပြင်ဆင်နေတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ နေ့စဉ်လိုလို ထိတွေ့မှုတွေ ရှိနေပါတယ်။
မောရစ်


